ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်
ဧရာဝတီတိုင်း၊ ဟင်္သါတမြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ကျော်ကို နေရာ ၂ နေရာမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘောဇဘဏ် (၁)ရှေ့ အမျိုးသမီး ၂ ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၈၀၀ ကျော် ဖမ်းမိခဲတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
”တစ်နေ့ထဲ တစ်ထောင်ကျော်မိတာ၊ ကွင်းဆက်လိုက်ရင်မိတာပေါ့၊ လူတွေလည်း စားဝတ်နေရေးခက်ခဲလာတော့ ရရာလုပ်တာထင်ပါတယ်၊ ဖမ်းမိတာက အမျိုးသမီး ၂ ဦးပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့ပြင် လယ်တီကွင်းရပ်ကွက်၊ အမထဒါရွလမ်းက နေအိမ်ကို ဝင်ရောက်ရှာဖွေချိန်မှာ အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ကျော်နဲ့ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ကိုင်သူတွေဟာ ပိုမိုများပြားလာတာကြောင့် စီမံချက်နဲ့ဖမ်းဆီးတာမျိုးဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။
ဒေသခံအများစုကတော့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ခုလိုအဖမ်းပြနေတာဟာ သတင်းပေးတိုင်းကြားမှုတွေများတာကြောင့် လက်ကြီးသမားတွေကို မဖမ်းပဲ လိုင်းကြေးမပေးနိုင်တဲ့သူတွေကို ဖမ်းဆီးနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။
#ဟင်္သါတ မြို့ #စိတ်ကြွရူးသွပ်ဆေးပြား #ရှစ်ရာကျော်ဖမ်းမိ #Ayeyarwaddy_Times