CDM ဆရာဝန်တစ်ဦး
ဧရာ၀တီတိုင်းမ်၊ ဧပြီလ ၂၅ ရက်

ယနေ့ ဧပြီလ ၂၅ရက်နေ့ဟာ ကမ္ဘာ့ငှက်ဖျားရောဂါနေ့ပဲ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ဖွံ့ဖြိုးစ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များပါတယ်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးဟာ ငှက်ဖျား ရောဂါ ဖြစ်နိုင်ချေရှိပြီး ငှက်ဖျားရောဂါဟာ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေမှာ ပါဝင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုထားပါတယ်။

WHO ရဲ့ ယခုနှစ် ၂၀၂၃ ခုနှစ် ကမ္ဘာငှက်ဖျားနေ့ ဆောင်ပုဒ် ကတော့ Time to Deliver ZERO MALARIA : invest , innovate , & implement .”ငှက်ဖျားရောဂါ နတ္ထိ ဖြစ်ရန်အချိန်တန်ပြီ” လို့ ဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ ပြည်သူတွေဟာ ငှက်ပျောသီးစားတာကြောင့် ၊ ငှက်‌တွေကြောင့် ၊ စိမ့်စမ်းရေသောက်မိတာကြောင့် ငှက်ဖျားရောဂါ ဖြစ်ရတယ်ဆိုပြီး အထင်မှား နေလျက်ရှိကြပါတယ်။ဒီလိုနည်းနဲ့ မကူးစက်နိုင်ပါဘူး။

ပလပ်စမိုဒီယမ် (Plasmodium) လို့ခေါ်တဲ့ ကပ်ပါးပိုး‌ကြောင့် ငှက်ဖျားရောဂါ ဖြစ်စေတာပါ။ အဲ့ဒီ ငှက်ဖျားကပ်ပါးပိုး ကို အနောဖလိစ်(Anopheles) ခြင်က သယ်ဆောင်လာပြီး သူရဲ့ အကိုက်ခံရရင်တော့ ငှက်ဖျားရောဂါ ဖြစ်မှာပါ။

ငှက်ဖျား‌ရောဂါကို သယ်ဆောင်ထားတဲ့ အနောဖလိ ခြင်က တောတော စိမ့်စမ်း‌တွေ အပါအဝင် နေရာအနှံ့ ပေါက်ဖွား ရှင်သန်နိုင်ပါတယ်။ ခြင်ရှိတဲ့နေရာသွားလို့ ခြင် အကိုက်ခံရရင် ရောဂါကူးစက်ခံရမှာပါ။

မြန်မာနိုင်ငံရဲ့တောတောင်ထူထပ်တဲ့ဒေသတွေမှာငှက်ဖျား‌ရောဂါအဖြစ်များပါတယ်။

နောက်ထပ် ကူးစက်တတ်တဲ့ နည်းလမ်းတွေက ငှက်ဖျားပိုးရှိ‌နေတဲ့ သွေးကိုသွင်းမိတဲ့အခါ ကူးစက်တတ်သလို ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ငှက်ဖျားကူးစက်ပါတယ်။

ငှက်ဖျားကပ်ပါးပိုးက ခြင်ကနေ လူ့ခန္ဓာကိုယ်ထဲဝင်‌ရောက်ပြီးရင် အသည်းမှာ အမြောက် အများ ပွားပါတယ်။ အဲ့ဒီလိုပြီးတာနဲ့ သွေးထဲက သွေးနီဥတွေကို ဝင်ရောက်ပြီး ဆက်ပွားများပါတယ်။ သွေးနီဥတွေဟာ ပေါက်ကွဲထွက်ပြီး ငှက်ဖျားပိုးတွေ တစ်ကိုယ်လုံး ပျံ့သွားရင် အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ နုံးပြီးချမ်းတုန်တာ၊ ကိုယ်လက်နာကျင် တာတွေကို ခံစားရပါတယ်။

ချမ်းတုန်ပြီး ဖျားနေပြီဆိုရင် ငှက်ဖျားရောဂါလက္ခဏာနဲ့ဆင်တူပါပြီ။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ချမ်းတုန်ပြီးအဖျားတက်ပါတယ်။ ငှက်ဖျားဟုတ်မဟုတ်ကျိန်းသေဖို့ အတွက် RDT – test kit လေးတွေအသုံးပြုပြီး ချက်ချင်းကို သွေးဖောက်စစ်ဆေးပြီး အမြန်ဆုံးရောဂါရှာဖွေအတည်ပြုနိုင်ပါတယ်။

ငှက်ဖျားရောဂါအတွက် ထိရောက်တဲ့ဆေးဝါးတွေရှိနေပြီး မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဆေးကုသမှုကို သေသေချာချာ ခံယူမယ်ဆိုရင် ငှက်ဖျားရောဂါအမြစ်ပြတ် ပျောက်ကင်းပါတယ်။ ငှက်ဖျားရောဂါပိုး အမျိုးအစားလိုက် ကုသရမယ့် ဆေးတွေ ရှိပါတယ်။ ဆရာဝန်တွေနဲ့ စနစ်တကျတိုင်ပင်ကုသပါ။

ဆေးမကုဘဲထားရင် ၊ မှန်ကန်တဲ့ ဆေးကုသမှုမရခဲ့ရင် ငှက်ဖျားရောဂါကို ပြင်းပြင်း ထန်ထန်ခံစားရပြီး အခန့်မသင့်ရင် ငှက်ဖျားရောဂါပိုးဟာ ဦးနှောက်ထဲအထိ ဝင်ရောက်ကာ ဦးနှောက်နဲ့အာရုံကြောရောဂါလက္ခဏာတွေကို ဆိုးဆိုးဝါးဝါး ခံစားရပါမယ်။ ငှက်ဖျားကြောင့်ပဲအသက် သေနိုင်ပါတယ်။

ငှက်ဖျားရောဂါ ကာကွယ်ဖို့အတွက် ခြင်မကိုက်အောင်နေပါ။ အင်္ကျီလက်ရှည် နှင့် ဘောင်းဘီရှည်‌များ လုံလုံခြုံခြုံဝတ်ဆင်ပါ။ ခြင်မကိုက်ဆေးတွေ အသုံးပြုပေးပါ။ ဆေးစိမ်ခြင်ထောင်သုံးပါ။ ခြင်မကိုက်အောင်နေလျှင် ငှက်ဖျားရောဂါကို ကာကွယ်ပြီး သား ဖြစ်ပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ငှက်ဖျားရောဂါအပါအဝင် အခြား ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေဟာ ကမောက်ကမဖြစ်ပြီး တော်တော်လေးကို ယိုယွင်း ပျက်စီးသွားပြီ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါ ကာကွယ်ဖို့အတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေပေးခြင်း ၊ ငှက်ဖျား ရောဂါအသိပညာပေးခြင်း၊ ငှက်ဖျားရောဂါ စစ်ဆေးရှာဖွေဖော်ထုတ်ခြင်း၊ ဆေးဝါး ဖြန့်ဖြူးကုသခြင်း စတဲ့ လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပါတယ်။ ကိုယ်တိုင်‌ဆေးဝယ် သောက်မယ်ဆိုရင်လည်း ငှက်ဖျားဆေးသာ ဝယ်ယူရနိုင်ပြီး ငှက်ဖျား အမြစ်ပြတ် ဆေးရှာမရတာတွေကို မြေပြင်မှာ တွေ့နေရပါတယ်။

ပြည်သူတွေဟာ ငှက်ဖျားရောဂါကို အမြစ်မပြတ်နိုင်ဘဲ ချမ်းတုန်ဖျားခြင်းလက္ခဏာနဲ့ ငှက်ဖျားကြောင့် အသက်ဆုံးရှုံးရခြင်းတွေကိုပါ ကြုံတွေ့ နေရပါတယ်။

.”ငှက်ဖျားရောဂါ နတ္ထိ ဖြစ်ရန်အချိန်တန်ပြီ” လို့ ၂၀၂၃ ခုနှစ်ရဲ့ ဆောင်ပုဒ်အဖြစ် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ဆိုထားပေမယ့် ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည် အတွက်တော့ ငှက်ဖျားရောဂါဟာ အမြစ်ပြတ်ဖို့ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။

(နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငှက်ဖျားရောဂါနေ့ (World Malaria Day) အဖြစ် ဧရာ၀တီတိုင်းမ်းသတင်းဌာနက တင်ဆက်ခြင်း ဖြစ်ပါသည်)
#မြန်မာနိုင်ငံ #ငှက်ဖျားရောဂါ #ကမ္ဘာ့ငှက်ဖျားရောဂါနေ့ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times