ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၂၅ ရက်

အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်အကြား တိုက်ပွဲပေါင်း ၂၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ၄၅၀ ကျော်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့သလို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်မှ တပ်ဖွဲ့ဝင် ၅၅ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးခဲ့ကြောင်း ဧပြီလ ၂၄ ရက်နေ့က ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၏ ၂ နှစ်ပြည့်တော်လှန်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၏ တပ်ဖွဲ့ဝင်မဟုတ်သည့် တော်လှန်ရေးနှင့် ဆက်နွယ်သော အရပ်သားသူရဲကောင်းများနှင့် အခြားတော်လှန်ရေးအဖွဲ့များပါဝင်ပြီး အသက်စတေးသွားသည့် မင်းတပ်မြို့နယ်၊ ဒေသခံပြည်သူ အများ အပြားလည်း ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် ထံကသိရသည်။

“ခြုံပြီးပြောချင်တာကတော့ ကျွန်တော်တို့မင်းတပ်မြို့နယ်က ချိုးချင်းလူငယ်တွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်တာတွေ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွေမှာ ပေးဆပ်မှုတွေဟာ သမိုင်းတွင် ကျန်ရစ်နေမှာပါ။ ကျဆုံးသူရဲကောင်းတွေအတွက် ချင်းလူမျိုးတော်လှန်ရေး ရဲဘော် တစ်ယောက်အနေနဲ့ ဂုဏ်ယူသလို သူတို့ရဲ့ ပေးဆပ်မှုတွေဟာ အလကား၊ အချည်းနှီး (လုံးဝ)မဖြစ်စေဖို့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ချီတက်တိုက်ပွဲ ဝင်သွားမယ်လို့ အလေးအနက်သစ္စာ ဂတိပြုပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၊ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာန၊ ဌာနမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်အနေဖြင့် အသက်ပေးလှူခဲ့ကြသည့် ရဲဘော် ရဲဘက် များကို ဂုဏ်ပြုသတိရရင်း အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်ခုခံ တော်လှန် နေသည့် တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် လက်တွဲပူးပေါင်းမည်ဖြစ်သည်။

ထိုပြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမို ကရေစီရရှိသည်အထိ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတော်လှန် တိုက်ပွဲဝင်သွားမည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အာဏာသိမ်းမှုကို အထိရောက်ဆုံးတုံ့ပြန်နိုင်ရန်အတွက် မင်းတပ်မြို့၊ သပိတ် ခေါင်းဆောင်များတွေ့ဆုံပြီး လက်နက်ကိုင်လမ်းစဉ်ကို ချမှတ်ကာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ အတည်ပြုချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်ဟာ ခိုင်မာတဲ့ နိုင်ငံရေးရည်မှန်းချက်၊ တိကျတဲ့ လမ်းစဉ်၊ အခြေခံမူတွေရေးဆွဲပြဌာန်းပြီး ချင်းပြည်နဲ့ ချင်းပြည်သူတွေကို အမြဲကာကွယ် စောင့်ရှောက်မယ်။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေး တို့အတွက် အမြဲကာကွယ်မြှင့်တင်ပေးသွားပါမယ်။ ကျစ်လစ်တောင့်တင်းတဲ့ ကာကွယ် ရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် အမြဲရှိနေပါမယ်လို့ ချင်းပြည်သူတွေကို သတင်းစကား ပါးလိုပါတယ်။ ဒါကြောင့် ပြည်သူတွေကလည်း ဆက်လက်ပံ့ပိုးကူညီ၊ တည့်မတ် ပေးသွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျ”ဟု ဌာနမှူးက ဆိုသည်။

စစ်ကောင်စီတပ်သည် ယခင် ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော မင်းတပ်ပြည်သူများကို ဖမ်းဆီးခဲ့ပြီး ကတိပေးထားသည့်အတိုင်း ဖမ်းဆီခံထားရသူများကို ပြန်မလွှတ်ပေးသည့်အတွက် ၎င်းရက် ည ၉ နာရီတွင် ချင်း ကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က အောင်ပွဲရရှိသည်အထိ စစ်ကောင်စီတပ်ကို တိုက်ခိုက် နိုင်ခဲ့ကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၏ ၂ နှစ်ပြည့်တော်လှန်ရေးနေ့တွင် အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ က သဝဏ်လွှာများအသီးသီးပေးပို့ခဲ့ကြသည်။
#ချင်းပြည်နယ် #ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #ကျဆုံးရဲဘော် #အချည်းနှီး #ရည်မှန်းချက်ပန်းတိုင် #တိုက်ပွဲဝင်မည် #Ayeyarwaddy_Times