ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အရာရှိပိုင်တွေက ဒေသခံလုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ငွေကြေးတောင်းယူကာ တရားမဝင်ကျောက်စုပ်တာတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
လမိုင်းကျေးရွာအရှေ့ ဧရာဝတီမြစ်ထဲမှာ ကျောက်တင်င်္ဘောတွေကိုနဲ့ ကျောက်စုပ်ယူခွင့်ကို အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့အရာရှိပိုင်းတွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လုပ်ကိုင်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ အထက်ကမသိအောက် အောက်ခြေမှာတင် ငွေယူပြီးတော့ ခွင့်ပြုပေးနေတာ၊ တစ်စီးကိုဘယ်လောက်ယူ တယ်ဆိုတာတော့ သေချာမသိဘူး၊ ညဘက်မှာ အများဆုံးအလုပ်လုပ်တယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧရာဝတီမြစ်ထဲကျောက်စုပ်ယူဖို့အတွက် သင်္ဘောတစ်စီးကို ဘယ်လောက်ပေးရတယ်ဆိုတာ မသိပေမယ့် ကွင်းကြေးတစ်ခေါ်ကို ငွေ ၁ သိန်းကျပ်ထိပေးရတာမျိုးတော့ သေချာသိတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ကျေးရွာအနီးကျောက်စုပ်နေတာဟာ ရေရှည်မှာ ကမ်းပြိုမှုတွေများလာနိုင်သလို ရေကာတာနဲ့ ကပ်နေတာကြောင့် ရေကာတာပြိုခဲ့ရင် အားလုံးပျက်စီးဆုံးရှုံးမှာကိုလည်း ဒေသခံတွေအနေနဲ့ စိတ်ပူနေရတယ် လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်စုပ်ယူနေတဲ့လုပ်ငန်းကို ဒေသခံတွေအနေနဲ့ သဘောမတူတာကြောင့် အရပ်သားအစိုးရ လက်ထက်က တားမြစ်ခဲ့လို့ လုပ်ငန်းရပ်နားထားတာမျိုးရှိပေမယ့် စစ်ကောင်စီတပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒေသခံတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး လုပ်ငန်းရှင်တွေဆီက ငွေယူကာ ခွင့်ပြုပေးနေတာလို့ ဆိုပါတယ်။
#ဇလွန် #စစ်ကောင်စီ #ငွေကြေးတောင်းခံ #တရားမဝင် #ကျောက်စုပ်
#Ayeyarwaddy_Times