ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၂၀၀ ကျော်ကို ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဧပြီလ တတိယပတ်ကဖမ်းဆီးထားတဲ့ မှော်ဘုံကျေးရွာနဲ့ ဆန်ခါကျေးရွာက ဒေသခံပြည်သူတွေကို မဇွပ်ယန် အကျဉ်းထောင်မှာ ဖမ်းဆီးထားရာကနေ မနက်အစောပိုင်းမှာ ကံဆီဗျူဟာဘက်ကို ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ မနက်ပိုင်းကတော့ နှစ်ဖက်ဆိုင်တာမျိုးဖြစ်တယ် ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး၊ ဖမ်းထားတဲ့သူတွေကိုတော့ ခေါ်သွားတယ်၊ စစ်ကောင်စီစစ်ကြောင်းက ကံဆီးကဆင်းလာတဲ့အကြောင်းက မှော်ဘုံထဲရောက်နေတယ်၊ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတက်လာတဲ့ လမ်းကြောင်းကို KIA၊ PDF တွေက စောင့်ဆိုင်းနေပေမယ့် ပစ်မိန့်မရရှိတာကြောင့် မပစ်ခဲ့ရဘူးလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကတော့ နေ့လည် ၁၂ နာရီခွဲလောက်မှာ မှော်ဘုံ၊ ဆန်ခါကျေးရွာဘက်ကနေ မဇွပ်ယန်ဘက်ကို အေးအေးဆေးဆေးထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။