နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ဧပြီလ၂၅ရက်
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာ တံတားအနီးတွင် ယနေ့ ဧပြီ ၂၅ ရက်နေ့ နေလယ် ၁၂ နာရီခန့်က ကားလိုင်စင် သတ်တမ်းတိုးရန် လာသည့် လင်မယား နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ယောကျ်ား ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်းဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ မြိုင်မြို့နယ်တွင် နေထိုင်သည့် ကိုပေါက်ဖြစ်ပြီး ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးမှာ မမာချိုဖြစ်ကြောင်း သိရသည်။
“ကိုပေါက်ရော သူမိန်းမပါ ပါတယ်။ ကားလိုင်စင်သတ်တမ်းတိုးဖို့အတွက် လာတာကို စစ်တပ်က သေနတ်နဲ့ပစ်သတ်လိုက်တာ။ ကိုပေါက်က နေရာမှာတင် ပွဲချင်းပြီးသေတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။
သေဆုံးသွားသည့် အလောင်းကို ဆားလင်းကြီးမြို့နယ်ရှိ တောကျောင်းကျေးရွာသို့ ပို့ဆောင်ထားပြီး မိသားစုတွေများမှ အဆက်သွယ်လုပ်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။
ယနေ့ ဧပြီလ ၂၅ရက်နေ့ နံနက်ပိုင်းက မကျီးတန်းကျေးရွာ အနီး၌ လည်ပင်း၊ နဖူး ၊ ရင်အုံနှင့် ကျောကုန်းများတွင် သေနက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း သုံး လောင်းကို တွေ့ရှိရပြီး သေဆုံးနေသူများမှာ စစ်ကောင်စီတပ်မှ လမ်းပြခေါ်ဆောင်သွား သူများဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသကို စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်၍ ပစ်သတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။