
မင်းခ/ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇူလိုင်လ ၁၂ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄၆၅၀ ဟုသတ်မှတ်ကြေငြာထားပေမယ့် ပြင်ပတွင်မူ ကျပ် ၈၀၀၀ ကျော်အထိ ပေါက်စျေးရှိနေတယ်လို့ ပုသိမ်မြို့ခံအိမ်ရှင်မများထံမှ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့မှ စားအုန်းဆီတစ်ပိဿလျှင် ကျပ် ၈၃၀၀ နဲ့ အထက်ပေးကာဝယ်ယူနေရပြီး လက်ရှိတွင် စားအုန်းဆီပြတ်လပ်မှုများဖြစ်ပေါ်နေတယ်လို့ မအူပင်မြို့ခံ စားအုန်းဆီရောင်းချသူတစ်ဦးက ဆိုပါတယ်။
” ဒီမှာရောင်းနေတာ ၁ပိဿ ၈၃၀၀ လက်ရှိက စားအုန်းဆီပြတ်နေလို့ ရန်ကုန်မှာ တက်ဝယ်တာတောင်မရဘူးဖြစ်နေတယ်။ ပုသိမ်မှာလည်း ၈၃၀၀၊ ၈၅၀၀ အထိရှိနေတယ်” လို့ မအူပင်မြို့ခံ စားအုန်းဆီရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လူမှုကွန်ရက် အသုံးပြုသူအချို့ရဲ့ ရေးသားဖော်ပြချက်တွေအရ ရန်ကုန်တိုင်းမှာ စားအုန်းဆီတစ်ပိဿလျှင် ကျပ် ၉၀၀၀ ကျော်နှင့် ကချင်ပြည်နယ်တွင် ကျပ် ၁၀၀၀၀အထိ ပေါက်စျေးရှိနေတယ်လို့ သိပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ပြည်တွင်း၌ စားအုန်းဆီစျေးနှုန်းများပြန်လည်ကျဆင်းလာကာ ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၆၅၀ ဖြစ်တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။