
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
Online Class သင်ကြားမည့် NUG အစိုးရပညာရေးဝန် ကြီးဌာနအသိအမှတ်ပြု New Myanmar Education ကျောင်းမှ အလယ်တန်းအဆင့်များကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မူလက အထက်တန်းအဆင့်တခုတည်းကိုသာ လက်ခံသင်ကြားရန်စီစဥ်ခဲ့သော်လည်း အလယ်တန်းအဆင့် Grade- 6(စနစ်သစ်)၊ Grade-7 (စနစ်သစ်)၊ Grade – 8 (စနစ်ဟောင်း)နှင့် Grade-9 (စနစ်ဟောင်း) အတန်းများကို ထပ်မံ တိုးချဲ့၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အလယ်တန်းအဆင့်များကို ဇူလိုင်လ ၁၅ ရက် မှ ၂၀ ရက်နေ့ထိကျောင်း အပ်လက်ခံပေးမည်ဟုဆိုသည်။
” အစကတော့ ကျနော်တို့ရှိတဲ့ဆရာတွေနဲ့ ကျောင်းသားအရေအတွက်က မနိုင်လို့ အထက်တန်းဘဲသင်ဖို့စီစဥ်ထားတာပေါ့။ ဒါပေမယ့် အလယ်တန်းတွေကိုပါ လာမေးကြတာများလို့၊ အလယ်တန်းကိုပါထပ်ဖွင့်တာပါ။ ၁၅ ရက်နေ့စပြီးလက်ခံသွားပါမယ်” ဟု NME ကျောင်းမှ CDM သင်ကြားရေးဆရာမတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
NME ကျောင်းဖွင့်ပွဲကို ဇူလိုင်လ ၆ ရက်နေ့က NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအပါအဝင် တာ ဝန်ရှိသူများ အွန်လိုင်းမှတဆင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဇူလိုင်လ ၁၄ ရက်တွင် အထက်တန်းအဆင့်များကို Online Class ဖြင့် စတင်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အထက်တန်းအဆင့်အတွက် လာရောက်အပ်နှံသည့် ကျောင်းသား ၁ သောင်းကျော်ရှိခဲ့ပြီး လတ်တလောတွင် ၂၅၀၀ ကျော်ကိုအတည်ပြုလက်ခံပြီးပြီဖြစ်ကာ ကျန်ကျောင်းသားများကို ဖုန်းဖြင့်ဆက်သွယ်အင်တာဗျူး ထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – NME ကျောင်းမှသင်ကြားမည့် CDM ဆရာ၊ဆရာမများ။