ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်တွင် ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် AA တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးတို့ကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်၍ ပြန်လည် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထွက်ပြေးခဲ့သည့် AA တပ်ဖွဲ့ဝင်နှစ်ဦးမှာ ရသေ့တောင်မြို့နယ်၌တာဝန် ထမ်းဆောင် နေသူများဖြစ်ပြီး ကျန်တစ်ဦးမှာ AA ၏ ဖမ်းဆီးခြင်းခံရပြီးနောက် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ALP တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။
၎င်းတို့ သုံး ဦးသည် ဧပြီလ ၂၃ရက်နေ့ညနေပိုင်းတွင် လက်နက်နှင့် အတူထွက်ပြေး၍ ရသေ့တောင်မြို့၊ ပြည်သူ့ဆေးရုံကြီးကွင်း၌ ပုန်းခိုနေကြခြင်းဖြစ်ပြီး ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည်ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ သိသလောက်ပြောရရင် သူတို့ သုံးဦးက ညအချိန်ကတည်းက ရောက်ပြီး ပုန်းနေကြတာ။ ဒါကို မနက်မိုးလင်းတာနဲ့ AA ဖက်ကဝင်စီးတာ။ အေးဆေး လက်နက်ချပြီး အဖမ်းခံဖို့ပြောပေမဲ့ လက်နက်မချဘဲ ခုခံတဲ့အတွက် ပစ်ခတ်မှု တွေရှိခဲ့တယ်။ သေနတ်ပစ်သံတွေတော့ တော်တော်ကြားလိုက်ရတယ်” ဟု ရသေ့တောင် မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ AA တပ်ဖွဲ့ဝင်နှစ်ဦးကို ALP တပ်ဖွဲ့ဝင်ဟောင်းဖြစ်သူက ထွက်ပြေးရန် စည်းရုံး ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
” AA ဖက်က ဆေးရုံကြီးကိုဝိုင်းပြီး လက်နက်ချခိုင်းတဲ့အချိန်မှာတပ်ပြေး နှစ် ဦးက ချမယ်ပြောပေမဲ့ ALP ကလူက မချဘဲ အရင်ပစ်တယ်လို့ပြောတယ်။အဲနောက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်သွားတာ။ နောက်ဆုံးတော့ သုံး ဦးစလုံးကိုဖမ်းမိပြီး စက်လှေနဲ့ခေါ်သွားကြပါတယ်” ဟုနောက်ထပ် ရသေ့တောင် မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ထိုသို့ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီးနောက် ရသေ့တောင်မြို့၊ပြည်သူ့ဆေးရုံကြီးအနီး ပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်သားများကလာရောက်ကာ စုံစမ်းစစ်ဆေးမှုများ အချို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
AA မှ ထွက်ပြေးလာသည့်တပ်ပြေး နှစ်ဦးမှာ မည့်သည့် တာဝန်၊ မည်သည့် ရာထူးအဆင့်ရှိသည်ကို မသိရှိရသေးသလို ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်း ထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိပေ။
#ရခိုင်ပြည်နယ် #ရသေ့တောင်မြို့နယ် #ALP #AA #လက်နက် #တပ်ပြေး #ပစ်ခတ်ဖမ်းဆီး #Ayeyarwaddy_Times