ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီလ ၂၅ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အခြေစိုက် စစ်ကောင်စီ၏ ခမရ(၂၇၄) စစ်ကောင်စီတပ်ရင်းမှ အရပ်သားပြည်သူများထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၃) ဘက်သို့ ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များထိခိုက်ပျက်စီးသွားကြောင်းချင်းကာကွယ် ရေးတပ်-မင်းတပ်က ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
“သူတို့မှာ အားကိုးစရာဆိုလို့ လက်နက်ကြီးနဲ့ လေကြောင်းပဲရှိတော့တာလေ။ လက်နက်ကိုင်ခြင်း ပစ်ကြတာတော့ ထားပါတော့ အခုက ကျေးရွာတွေက ပွဲလမ်းသဘင်၊ ဘုရားကျောင်းတက်တာ၊ ဘောလုံးကန်တာကအစ လူစုလူဝေးမြင်ရင်ကို လှမ်းလှမ်းထုနေတာ။ ပြည်သူတွေအတွက်က အချိန်မရွေးအသက်အန္တရာယ်စိုးရိမ်နေတာ။ ကြောက်နေကြရှာတာ။ ကုလားမနိုင် ရခိုင်မဲဆိုသလိုမျိုး အပြစ်မရှိတဲ့ ပြည်သူတွေကို ပတ်ရမ်းနေတော့တာ။ တကယ်စိတ်ပျက်စရာကောင်းနေပြီဗျာ။ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်သည်တွေနဲ့ ကလေးငယ်တွေကို ပိုသနားဆုံးဘဲ”ဟုမင်းတပ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ရာတွင် ၅ လုံးနှင့် ၁၀ လုံးအကြားပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးကြောင့် ဒေသခံပြည်သူများထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။
မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဘေးရန်မှ ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှုများနည်းပါးစေရန်အတွက် သတိဖြင့် နေထိုင်ပေးကြရန် ချင်းကာကွယ်ရေးတပ်- မင်းတပ်က ပြည်သူများထံ အသိပေးထားသည်။
#မင်းတပ်မြို့နယ် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #အသက်အန္တရာယ် #စိုးရိမ်ရ
#Ayeyarwaddy_Times