ဧရာ၀တီတိုင်းမ်
ဧပြီ ၂၄ ရက်
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ခြောက်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ခရမ်း PDF တပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရသူများမှာ ရဲဘော်ရနောင်၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဗိုက်ကလေး၊ ရဲဘော်သာလိကာ၊ ရဲဘော်စာကလေးနှင့် ရဲဘော် DK တို့ဖြစ်ပြီး သာကေတမြို့နယ်တွင် သုံးဦး၊ မရမ်းကုန်းမြို့နယ်တွင် သုံးဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တပ်ဖွဲ့၀င်ရဲဘော် ခြောက်ဦးဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့်ဆက်စပ်သူများ အထူး သတိထားရှောင်ရှားရန် ခရမ်း PDF တပ်ဖွဲ့က ဧပြီ ၂၃ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ရန်ကုန်မုဒိတာအိမ်ရာမှာ ဧည့်စာရင်းစစ်ရင်း သုံးယောက်ပါတယ်။ ဒေါပုံ မှာဧည့်စာရင်း စစ်ရင်း သုံးယောက်ပါတယ်။ စုစုပေါင်းခြောက်ယောက်ပါ။ ကျွန်တော်တို့ သတင်းရတာ ကတော့ ဘေးတိုက်ခန်းကို လာစစ်ရင်း သူတိုပါရောပြီးစစ်သွားရင်း အဖမ်းခံ ထိတာ”ဟု ခရမ်း PDF စစ်ရေးတာ၀န်ခံ ကိုစနေက ဧရာ၀တီတိုင်းမ်ကိုပြော သည်။
စစ်ကောင်စီသည် အဆိုပါရဲဘော်ခြောက်ဦးနှင့်ပတ်သက်သည်ဟုဆိုကာ ကလေးငယ် များနှင့် အမျိုးသမီးများအပါအ၀င် ခရမ်းမြို့နယ်ရှိ ပြည်သူများကို ဖမ်းဆီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး နေအိမ်အချို့ကိုလည်း ချိပ်ပိတ်မှုများရှိကြောင်း ခရမ်းမြို့နေ ဒေသခံများထံက သိရသည်။
“အခုတော့အကုန်လိုက်ဖမ်းနေတာ။ ရွာဘက်ကပြည်သူတွေရော၊ သက်ကြီးရွယ်အို တွေလည်းပါတယ်။ ပြီးတော့ မိန်မတွေကလေးတွေကိုဖမ်းပြီး ခြိမ်းခြောက်တာတွေ ရှိတယ်။ အိမ်တွေကို ချိပ်ပိတ်တာလည်းရှိတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ခရမ်းမြို့နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ခရမ်းမြို့နယ်၏ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွားက “ကျွန်တော်တို့ အနေနဲ့ ပြည်သူကိုမှာချင်တာက စိတ်မပျက်နဲ့ရှေ့ဆက်မယ်။ သွေးမပျက်နဲ့ရှေ့ဆက်မယ်။ ခရမ်းမြို့ကို ခရမ်းပြည်သူတွေပိုင်တယ်”ဟု ၎င်း၏ လူမှုကွန်ရက်ကတဆင့် ပြောဆို ထားသည်။
စစ်ကောင်စီဘက်မှ ယခုကဲ့သို့ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ တစ်စုံတရာ အတည်ပြု ထုတ်ပြန်ထားခြင်းမရှိသေးပေ။
#ရန်ကုန်တိုင်း #ခရမ်းမြို့နယ် #PDFရဲဘော်၆ဦး #စစ်ကောင်စီ #ဖမ်းဆီး #နေအိမ်ချိပ်ပိတ် #Ayeyarwaddy_Times