နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်

မြန်မာနိုင်ငံကို ကြိုတင် ကြေညာမထားဘဲ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းသည် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန် တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကို ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာသော မစ္စတာ ဘန်ကီမွန်းသည် The Elders အဖွဲ့၏ ဒု ဥက္ကဋ္ဌ အနေနှင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်ကိုလည်း Reuters သတင်းတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဆွေးနွေးသည့် အချက်အလက်များကိုမူ အတိအကျ မသိရှိရပါ။

ထို့ပြင် မစ္စတာ ဘန်ကီမွန်းသည် သမ္မတဟောင်း ဦးသိန်းစိန် နှင့် သီးခြားတွေ့ဆုံခဲ့သော်လည်း တွေ့ဆုံမှု အသေးစိတ် အချက် အလက်များကိုမူ ထုတ်ပြန် ပြောဆိုခြင်း မပြုကြောင်း ဘီဘီစီကလည်း ဖော်ပြထားသည်။

သို့သော် မစ္စတာ ဘန်ကီမွန်း အနေဖြင့် ပဋိပက္ခများ ဖြစ်ပွားနေသော မြန်မာပြည်ကို ငြိမ်းချမ်းရေး ဆိုင်ရာ ရည်ရွယ်ချက်နှင့် လာရောက်ခြင်း ဖြစ်သည်ဟု Reuters က ဆိုသည်။

အဆိုပါ The Elders အဖွဲ့ ဒု ဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းနှင့် အဖွဲ့ကို ဧပြီ ၂၃ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီ၏ ကာကွယ်ရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်မျိုးထွဋ် နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြောင်းလည်း သက်ဆိုင်ရာက ထုတ်ပြန်သည်။

စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တို့နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံသည်ဟုလည်း ဆိုသည်။

သို့သော် မစ္စတာ ဘန်ကီမွန်း၏ ယခုခရီးစဉ်သည် ဧပြီလ ၂၃ ရက်မှ ၂၄ ရက်အထိ ဖြစ်သည်ဟု သိရှိရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရရှိဘဲ ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက“ပုံမှန်တော့ စကစ အနေနဲ့ လက်ရှိ တရားရင်ဆိုင်နေဆဲ အကျဉ်းသားတွေကို တွေ့ခွင့်ပေးလေ့မရှိတာ သတိထားမိပါတယ်။ တကယ်လို့ တွေ့ဖို့လွှတ်ဖို့ ရှိပြီဆိုရင်လည်း တရားစီရင် အမိန့်ချပြီးမှ ပေးတွေ့တာ၊ လွှတ်တာမျိုး လုပ်လေ့ရှိပါတယ်။ Danny Fenster က မြင်သာတဲ့ ဥပမာပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရင်ဆိုင်နေဆဲ အမှုတွေ ရှိနေသေးသလို၊ အယူခံကြားနာဖို့လည်း ရှိနေတာကြောင့် ပုံမှန်အားဖြင့် တွေ့ခွင့်ပေးမယ်လို့တော့ မမြင်ပါဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

မစ္စတာ ဘန်ကီမွန်း၏ ယခုခရီးစဉ် အတွင်း လက်ရှိ အကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ရရေး တောင်းဆိုနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်ထားသည်။

မစ္စတာ ဘန်ကီမွန်းသည် ၂၀၀၇ ကနေ ၂၀၁၆ အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်စဉ် ကာလ ၂၀၀၉ ခုနှစ် ကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ထိုစဉ်က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဖမ်းဆီး ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဖိအားပေး တောင်းဆိုမှု ပြုလုပ်ခဲ့သေးသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိုတောင်းဆိုမှုကို လျစ်လျူရှုခဲ့ကြောင်း AFP သတင်းကလည်း ရေးသားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer သည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့် မရရှိခဲ့ပါ။

နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးလှစိုးဝေက မစ္စတာ ဘန်ကီမွန်း၏ ယခုခရီးစဉ်သည် ထူးခြားမှုရှိ၍ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ဘန်ကီမွန်းက R2P လုပ်သင့်တယ်လို့ ပြောထားတဲ့လူ၊ ဒါကို အရင်က ငြင်းထားပြီး အခု လာခွင့်ပေးတာက ထူးခြားမှုတွေ ဖြစ်လာနိုင်တယ်၊ ဘန်ကီမွန်းထံက တခုခု အာမခံချက်မျိုး တောင်းနိုင်တယ်၊ စောင့်ကြည့်ရမယ်”ဟုလည်း ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မစ္စတာ ဘန်ကီမွန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နှစ်လခွဲခန့် အကြာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ တက်ရောက် ဆွေးနွေးရာ၌ မြန်မာအတွက် R2P ကို တောင်းဆိုခဲ့ဖူးသူ ဖြစ်သည် ဟုလည်း ဆိုသည်။

၎င်းသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာတွင် သက်သေအဖြစ် ပါဝင် လက်မှတ် ရေးထိုးဖူးသူ ဖြစ်ကြောင်းလည်း သိရသည်။

မစ္စတာ ဘန်ကီမွန်းနှင့်အဖွဲ့ လာရောက်မည်ကို ကြိုတင် သတင်း ထုတ်ပြန်မှု မရှိခြင်းသည် တဖက်တွင် ဆန့်ကျင် တော်လှန်နေကြသော အင်အားစုများနှင့် NUG တို့အပေါ် လေးစားမှုမပြသည့် သဘော သက်ရောက်သလို စစ်ကောင်စီကို ပျော့ပြောင်း သွားရန် နားချမြူဆွယ်၍ ရမည်ဆိုသော သဘောလည်း သက်ရောက်နေကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။

“အင်အားစုတွေ အားလုံးတွေ့ဆုံမှု မပြုနိုင်ရင်တော့ ကောင်းလာဖို့ထက် ပိုကွဲပြားသွားနိုင်သလို သံသယတွေ ကြီးထွား လာနိုင်ပါတယ်။ အင်အားစု အစုအဖွဲ့တွေကြား ယုံကြည်မှု ပျက်ပြားပြီး ဆိုးကျိုးတွေ ပိုများသွားနိုင်စရာ ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ယခု မစ္စတာ ဘန်ကီမွန်း ဒု ဥက္ကဋ္ဌ အဖြစ် ဦးဆောင် လာသည့် The Elders အဖွဲ့သည် တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလား ၂၀၀၇ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ် ဆိုရှင် ဒက်စ်မွန် တူးတူး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် အပါအဝင် ကမ္ဘာက လေးစားရသည့် အထင်ကရ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

အဆိုပါ The Elders အဖွဲ့သည် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူအခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရသည်။