ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဧပြီလ ၂၄ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် ဧပြီလ ၂၄ ရက်နေ့၌ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်မှ ထိခိုက်သေဆုံးမှုရှိ၍ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း မြိုင်(ပကဖ)ထံက သိရသည်။
ပေါက်မြို့နယ်တောင်ပိုင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ပင်တောင်(ပျူရွာ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယောချောင်းအတွင်းငါးရှာနေစဉ် မြိုင်(ပကဖ)နှင့် ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေး ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိ၍ ဇီးဝောာ၊ သပြေအေးကျေးရွာများအား ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
“ဇီးတောဘက်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ပျူ လေး ယောက်သေတယ်။ အဲ့ဒီစစ်ကြောင်းက ပေါက်တောင်ပိုင်းကစစ်ကြောင်းပါ “ မြိုင်(ပကဖ)တာဝန်ရှိသူ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပေါက်မြို့နယ်မြောက်ပိုင်း ဇီးပြားရဲစခန်းမှ ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းအား လယ်အို၊လယ်မကျေးရွာအနီးတွင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများသည့်အတွက် Mi-35 ရဟတ်ယာဉ်ဖြင့်တစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ခုဟာက ပေါက်မြောက်ပိုင်း ဇီးပြားရဲစခန်းကနေ မနေ့ကမှ ထွက်ခွာလာတဲ့ စစ်ကြောင်း။ မနေ့ညက မင်းကိုင်း အနီးတောထဲမှာညအိပ်ပြီး ဒေသခံ ငါးဦးလောက်(ခန့်မှန်း)ကို သတ်ပြီး ရွှေထည်၊ ငွေထည် တွေယူလာတာ။ တိုက်ပွဲမှာ အထိနာတော့ လေယာဉ်နဲ့ပါလာပစ်တယ်” ဟု ဗိုလ်လက်ယာက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် မင်းကိုင်းကျေးရွာ၊ ထန်းတောကျေးရွာ၊ ချောင်းညာ ကျေးရွာတို့မှ ဒေသခံပြည်သူ ငါး ဦးအားသတ်ဖြတ်၍ ငွေနှင့်ရွှေထည် ပစ္စည်းများ လုယက် ယူဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပေါက်ဗိုလ်တစ္ဆေအဖွဲ့၊ ခရိုင်တပ်ရင်း(၁၈)တပ်ခွဲ(၃) နဂါးမျိုးအဖွဲ့ ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) တပ်ရင်း(၁) တပ်ခွဲ(၅) တပ်စိတ်-၁/၄ ၊ ဗိုလ်စကားအဖွဲ့၊ တောင်ညိုနဂါးအဖွဲ့၊ မြိုင်(ပကဖ)တပ်ရင်း (၁) ၊ တပ်ခွဲ(၄)တပ်စိတ်-၁ နှင့်မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#မကွေးတိုင်း #ပေါက်မြို့ #တိုက်ပွဲ #စစ်ကောင်စီတပ် #အထိနာ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times