ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဧပြီလ ၂၄ ရက်

တနင်္သာရီတိုင်း၊ထားဝယ်-ရေးကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သားများ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဘုရားမဲစစ်ဆေးရေး ဂိတ်ကို ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက် ၅နာရီ၃၀မိနစ် မှစတင်၍ နံနက် ၇ နာရီ ခန့်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(ထားဝယ်ခရိုင်)က ယနေ့ ဧပြီလ ၂၄ ရက်နေ့ တွင်ထုတ်ပြန်သည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ဆက်တိုက် ပစ်တာ။ ကျွန်တော် တို့ပူးပေါင်း အဖွဲ့တွေ ပြန်ဆုတ်တဲ့အထိ တရစပ် ပစ်ခတ်ခဲ့တယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ထားဝယ်ခရိုင်) တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အပြန်အလှန် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ရဲဘော် ၁၆ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်ရဲဘော် ၁ ဦး မှာ(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်တပ်ရင်း(၁)မှ ဗိုလ်ကျော်ကြီး ဦးဆောင်သော တပ်ခွဲ(၂)စစ်ကြောင်းနှင့် Drone တပ်ဖွဲ့ ၊ ဥဩစစ်ကြောင်း ၊ DGRF ၊ Aline Force ၊ ဧဒင်မှူး ၊ သံမဏိပျောက်ကြား-နဘယံ နှင့် မဟာမိတ် အဖွဲ့ အစည်းများပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဘုရားမဲစစ်ဆေးရေးဂိတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် အသစ် ဆောက်လုပ်ထားသည့် ဂိတ်ဖြစ်ပြီး ခရီးသည်များကိုစစ်ဆေးခြင်း၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#တနင်္သာရီတိုင်း #ထားဝယ်ရေးကားလမ်း #ဘုရားမဲစစ်ဆေးရေးဂိတ် #တိုက်ခိုက် #စစ်ကောင်စီတပ်သား #၁၅ဦးသေ #Ayeyarwaddy_Times