ဧရာ၀တီတိုင်းမ်
ဧပြီလ ၂၄ ရက်

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံ ၆ ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာမှ ထိခိုက် ဒဏ်ရာရရှိခဲ့သူ ဒေသခံ ၁၀၀ ကျော်သည် လယ်ဝေးမြို့နယ်ကုတင် ဇဗ္ဗူသီရိမြို့နယ်ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသခံယူနေပြီး အသက်အန္တရယ် စိုးရိမ်ရသူ ၁၅ ဦးထက်မနည်းရှိကြောင်း အောင်မြင်ကုန်းရွာ ဒေသခံများထံက သိရသည်။

“အောင်မြင်ကုန်းရွာက ရွာလုံးကျွတ်ပျက်စီးသွားတယ်။ ဆေးရုံမှာလည်း လူနာက ခုအချိန်အထိ အပြည့်ပဲ။ လောလောဆယ် ရွာမှာ ကျန်တဲ့သူတွေကတော့ အမိုးအကာ လေးတွေ မိုးနေကြရပြီး စားဖို့သောက်ဖို့ အရမ်းခက်ခဲနေကြတယ်။ စစ်ခေါင်းဆောင်တော့ လာတယ်။ ကူညီသွားတာမျိုးတော့ ဘာမှ မရှိဘူး” ဟု လယ်ဝေးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် အောင်မြင်ကုန်းကျေးရွာရှိ အမျိုးသား နှစ် ဦး၊ အမျိုးသမီး နှစ် ဦး ၊ တံတားဦးကျေးရွာမှ အမျိုးသမီး နှစ်ဦး စုစုပေါင်း ခြောက်ဦး လေဆင်နှာမောင်းကြောင့် သေဆုံးထားပြီး စိုးရိမ်ရသူများ ရှိနေသေးသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးသည့်အပြင် ဝါရှာရှော့ခ် ဖြစ်၍ မီးလောင်မှုပါ ထပ်မံဖြစ်ပွားခဲ့ပြီး တံတားဦးကျေးရွာ တွင်လည်း နေအိမ် ၈ဝ ဝန်းကျင် နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၂၂ ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်ခံရသည့် အဆိုပါ ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းကို ကျပ် သိန်း ၁,၀၀၀ လှူဒါန်းခဲ့သော်လည်း လေဘေးသင့်ပြည်သူများကိုမူ ထောက်ပံ့ကူညီခြင်း မရှိကြောင်း လယ်ဝေးမြို့နယ်ရှိဒေသခံများက ဆိုသည်။

လေဆင်နှာမောင်းသည် ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်တိုက်ခတ်တက်သည့် မုန်တိုင်း အမျိုးအစားဖြစ်ပြီး မြေပြင်ရှိ အဆောက်အအုံများကို လေထဲသို့ မြောက်တက် ကျွတ်ပါသားအောင် တိုက်ခတ်နိုင်သည့် အင်အားပြင်းမုန်တိုင်းအမျိုးအစား ဖြစ်သည်။
#နေပြည်တော် #လယ်ဝေးမြို့ #လေဆင်နှာမောင်း #စိုးရိမ်လူနာ၁၅ဦး #စစ်ခေါင်းဆောင် #လေဘေးသင့်ပြည်သူ #ကူညီထောက်ပံ့မှုမရှိ