ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်း ၂ခုမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၂၀ ကျော်မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ထောက်ပံ့ကြေး လာရောက် ပေးအပ်စဉ် စခန်းအတွင်းမရှိသည့်အတွက် ထောက်ပံ့ကြေးမရရှိတော့သည့်အပြင် စာရင်းပါ ထုတ်ပယ်ခံလိုက်ရသည့် အတွက် အခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ထောက်ပံ့ကြေးမရတော့သည့် စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့ပေါ်ရှိ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု (၈၆ )စုနှင့် လက်ကောက်စျေးစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၃၅စု တို့ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများရှိ အိမ်ထောင်စုများအား လူတစ်ဦးလျှင် (၂၁၀၀၀ )ကျပ်နှုန်းဖြင့် WFP က လာရောက်ထောက်ပံ့ပေးခဲ့ပြီးထိုသို့လာရောက်ထောက်ပံ့ပေးနေစဉ် စခန်းတွင်းမရှိသူများမှာ ထောက်ပံ့ကြေးမရခြင်းဖြစ်ကြောင်း မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်မောင်သိန်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” ကုန်စျေးနှူန်းတက်နေတော့ ထောက်ပံ့ကြေးရတဲ့ငွေနဲ့မဖူလုံတဲ့အတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေကြတာပါ။သူတို့လာတဲ့အချိန်မှာ အပြင်မှာ အလုပ်ထွက်လုပ်နေကြတော့ လူမစုံဘူးလေ။ဒါကြောင့် စခန်းမှာရှိမနေလို့ဆိုပြီး မပေးတော့ဘူး။ပြီးတော့ အိမ်မရှိဘဲ သူများအိမ်တွေမှာ ကပ်နေတဲ့အိမ်ထောင်စုတွေကိုလည်းမပေးဘူး။ သူတို့တွေ ထောက်ပံ့ကြေးမရတာ အခုဆို ၃ လလောက်ရှိနေပြီ” ဟု ၄င်းကပြောသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ရခိုင်ကစစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့မှုများကို ဇန်နဝါရီလမှစ၍ ရပ်တန့်ခဲ့ပြီးနောက် အဆိုပါ ထောက်ပံ့မှုများကို WFP ကတာဝန်လွှဲပြောင်းရယူပြီး ကူညီပေးနေခြင်းဖြစ်သည်။
မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၁၉၀ စုလူဦးရေအားဖြင့် ၉၀၀ ကျော်ထိရှိပြီး အုတ်ဖိုကန်၊မီးလက်ဝ၊တင်းမ၊ ပေါက်တောပြင်၊ ဝေသာလီစသည့် ကျေးရွာများမှ ဒေသခံများခိုလှုံနေကြခြင်းဖြစ်သည်။
အလားတူ မြောက်ဦးမြို့၊ လက်ကောက်စျေးစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၃၅ စုမှာလည်း ထောက်ပံ့ကြေးမရတော့သည့်အပြင်ထောက်ပံ့ကြေးပေးမည့် စာရင်းကပါ ထုတ်ပယ်ခံထားရကြောင်းစခန်းတာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ စခန်းတွင်းသို့ WFP အဖွဲ့ကရုတ်တရက်ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလိုလုပ်ခြင်းမှာ ထောက်ပံ့ကြေးမပေးချင်၍ တမင်လုပ်ခြင်းဖြစ်ကြောင်း လက်ကောက်စျေးစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်မင်းက ဆိုသည်။
” အရင်တုန်းကဆို ကြိုတင်အသိပေးပြီးမှဝင်တယ်။အဲ့တုန်းကတော့ဖုန်းလှမ်းဆက်ပြီး ၅မိနစ်တောင်မကြာဘူး ရောက်ချလာတာ။သူတို့က ထောက်ပံ့ပေးချင်တာမဟုတ်ဘူး။လူဦးရေဖြုတ်ချချင်လို့တမင်လုပ်တာ။လူ့အခွင့်အရေးချိုးဖောက်တာပဲ။သူတို့ဘာသာ သူတို့ ထောက်ပံ့ကြေးမပေးချင်လို့ စာရင်းက ထုတ်လိုက်ပေမဲ့ ကျနော်တို့ကတော့ အဲဒီ အိမ်ထောင်စု ၃၅စုကို စစ်ဘေးရှောင်စာရင်းထဲက မထုတ်ပယ်ထားပါဘူး” ဟု ၄င်းကပြောသည်။
လက်ကောက်စျေးစစ်ဘေးရှောင်စခန်းတွင် မှိုဟင်းတော၊ရွာဟောင်းတော၊ပြိုင်းတိုင်း၊ သရက်အုပ်၊ ပန်းမြောင်းစသည့်ကျေးရွာများမှ အိမ်ထောင်စု ၁၅၉ စု၊ လူဦးရေ ၆၃၀ နေထိုင်နေခြင်းဖြစ်သည်။
လက်ရှိတွင် ထောက်ပံ့ကြေးမရရှိတော့သည့် အိမ်ထောင်စု ၁၂၀ ကျော်မှာ စားဝတ်နေရေးအကျပ်အတည်းများနှင့်ရင်ဆိုင်နေကြရပြီး ဆန်ပြုတ်ကြိုသောက်ရသည့် နေ့များလည်း ရှိကြောင်းထောက်ပံ့ကြေးမရသည့် စစ်ဘေးရှောင်များကပြောသည်။
” အရင်က တပတ်မှာငါးဟင်းနဲ့ ၃ရက်လောက်စားနိုင်ရင် အခုတရက်တောင်မစားနိုင်ဘူး။ကလေးတွေကိုဆို မုန့်မပေးနိုင်လို့ဆန်ပြုတ်ကြိုတိုက်ရတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ထောက်ပံ့ကြေးရရှိသည့် အိမ်ထောင်စုများမှာလည်း မိသားစုဝင် ၅ ဦးရှိလျှင် ၂ဦးခန့်သာ ရရှိကြောင်းနှင့် ကျောင်းသွားတက်နေသည့်ကလေးများမှာလည်း ထောက်ပံ့ကြေးမရရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်မှ စစ်ဘေးရှောင်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ခွင့်မပြုဘဲ ရပ်တန့်ထားခဲ့သည့်အတွက် စစ်ဘေးရှောင်များမှာ အထောက်အပံ့ရရှိမှုနည်းပါးကာ စားဝတ်နေရေးအပြင် ကျန်းမာရေးအခက်အခဲများကိုပါ ကြုံတွေ့ ခံစားနေကြရခြင်းဖြစ်သည်။
# မြောက်ဦးမြို့ #စစ်ဘေးရှောင် #ရိက္ခာ #စားဝတ်နေရေး #ဖယ်ရှားခံရ #Ayeyarwaddy_Times