ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၁ နှင့် တပ်မဟာ ၅ နယ်မြေကြားရှိ မယ်စိထာ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းအား ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၅ နာရီဝန်းကျင်တွင် KNLA ပူးပေါင်းတပ်ဖွဲ့မှ သိမ်းယူနိုင်ခဲ့ကြောင်း KNU မှ ထုတ်ပြန်ထားသည်။
ကေအန်ယူအုပ်ချုပ်နယ်မြေ သထုံခရိုင်နှင့်ဖားအံခရိုင်ကြားရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခုဖြစ်ပြီး တပ်သား ၁၅ ဦးရှိသည့် အဆိုပါစခန်းအားတိုက်ခိုက်ခဲ့ရာ တပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ ခမရ ၄၀၁ တပ်ရင်းလက်အောက်ခံ အဆိုပါ မယ်စိထာစစ်ဆေးရေးဂိတ်စခန်းမှာ တပ်မဟာ (၁)နှင့် တပ်မဟာ(၅)ကြားရှိ အချက်အခြာကျသည့် ဂိတ်စခန်းဖြစ်ပြီး ခရီးသွားပြည်သူများအားနှိပ်စက်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်းများလုပ်လေ့ရှိကြောင်း လည်းသိရသည်။
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါစခန်းမှ K3 သေနတ် ၃ လက်၊ K3 79 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်ဘောက် ၂၀ ခုနှင့် ကျည့်တောင့် ၁၅၀၀ တောင့် ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါစခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့မှ သထုံခရိုင်-KNLA အမှတ် (၁)တပ်မဟာ ဗျူဟာရုံးထိုင်မှူး ဗိုလ်ကြီးစောရမ်ဗို နှင့် မူတြော်ခရိုင် KNLA တပ်ရင်း ၁၀၂ ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့မှ ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။