ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဧပြီလ ၂၄ ရက်
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကျောက်ပုံကျေးရွာရှိ စစ်ကောင်စီတပ်မှ စစ်မှုထမ်းဟောင်း ထောက်လှမ်းရေးတစ်ဦးကို ဧပြီလ ၂၁ ရက်ညနေ ၆ နာရီ ခန့်တွင် လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရသူမှာ မအူပင် ဇာတိ ကိုဇော်လင်း ဖြစ်ပြီး ဒုတပ်ကြပ်အဆင့် စစ်မှုထမ်းဟောင်း ထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
“သူက သကျက်တော ရဲစခန်းမှာ ရှိစဥ်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ ရင်းရင်းနှီးနှီး သွားလာနေသူပါ။ သူ့ရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ လည်း အများကြီးပါ။ သူကလောင်းလုံးမြို့နယ်အတွင်းက PDF စခန်း တည်နေရာတွေကို စုံစမ်းပြီး စစ်ကောင်စီ ထံသတင်းပို့နေတဲ့ သူဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်း လိုက်ရပါတယ်” ဟု LLPDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီထောက်လှမ်းရေး ကိုဇော်လင်းထံမှ စစ်ကောင်စီရေတပ်က လက်နက်ကြီး (ဗုံးသီးချတည်နေရာဟု) ယူဆရသည့် မြေပုံအပိုင်းအစအချို့ ရရှိခဲ့ပြီး အဆိုပါနေရာကို စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်ထားကြောင်း မြေပြင်စစ်ဆေးမှုအရ သိရသည်ဟု LLPDF တာဝန်ရှိသူ ကဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသည့် ကိုဇော်လင်းကို စစ်ကောင်စီနှင့်ပူးပေါင်း၍ သတင်းပေး ဆက်မလုပ်ရန် LLPDF အဖွဲ့က အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိ သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရ သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
#လောင်းလုံးမြို့နယ် #ကျောက်ပုံကျေးရွာ #စစ်မှုထမ်းဟောင်းထောက်လှမ်းရေး #LLPDF #ပစ်သတ် #Ayeyarwaddy_Times