ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
ရခိုင်ပြည်၊ မင်းပြားမြို့မှ လူပေါင်း ၃သောင်းကျော် သောက်သုံးနေသည့် မင်းကန်(ရှေးဟောင်းကန်တော်ကြီး)မှာ လက်ရှိတွင် အပူချိန်ပြင်းကာ ရေခမ်းခြောက်သွားသည့်အတွက် မြို့သူ၊ မြို့သားများမှာ ရေရှားပါးမှုပြသာနာနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
မင်းပြားမြို့တွင် မြေသင်းကန် ၃၂ ကန်ရှိသည့်အနက် ၂၄ ကန်မှာ သုံးရေကန်များဖြစ်ပြီး မင်းကန်(ကန်တော်ကြီး)အပါအဝင် ၈ ကန်မှာ သောက်ရေကန်များဖြစ်ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ သောက်ရေကန် ၈ ခုအနက် မင်းကန်ကြီးမှ ရေကိုသာ တစ်မြို့လုံးသောက်သုံးနေကြခြင်းဖြစ်ပြီး လက်ရှိတွင် မင်းကန်ကြီးမှာ ရေလုံးဝခမ်းခြောက်သွားပြီဖြစ်ကြောင်း မြို့ခံများ၏ပြောဆ်ိုချက်အရ သိရသည်။
“တခြားကန်ငယ်တွေက ရေတွေကမကောင်းတော့ တမြို့လုံးက ကျိန်းတောင်ခြေရင်းမှာရှိတဲ့ မင်းကန်ကြီးက ရေကိုမှ သောက်ကြတာ။ တစ်မြို့လုံးရဲ့ အသက်သွေးကြော ရေကန်ကြီးပေါ့။အခု အဲ့ကန်ကြီးရေခမ်းသွားတော့ တမြို့လုံး ဒုက္ခရောက်ပြီပေါ့။တမြို့လုံးရေသန့်ဝယ်ပြီးသောက်ရတော့မဲ့အနေအထားဖြစ်နေပြီ” ဟု သက်လတ်ပိုင်းအရွယ် မင်းပြားမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မင်းပြားမြို့သူမြို့သားများမှာ ယခင်က သောက်ရေအတွက် မင်းကန်ကြီးမှ ရေကို ခပ်ယူသုံးစွဲကြပြီး သုံးရေကို ဂရင်ဂျိုင်ဆည်နှင့် ဖလောင်းဆည်တို့မှ သုံးစွဲကြသည်။
ယခုနှစ်တွင် ဂရင်ဂျိုင်ဆည်နှင့် ဖလောင်းပြင်ဆည်တို့မှလည်း ရေကိုလုံလောက်စွာမပေးဝေနိုင်မှုတို့ကြောင့် မြို့သူ၊မြို့သားများမှာ သုံးရေအတွက်ကိုပါ မင်းကန်ကြီးမှ အမှီပြုသုံးစွဲကြရသည့်အတွက် ရေမြန်မြန်ဆန်ဆန် ခမ်းခြောက်သွားခြင်းဖြစ်သည်ဟုလည်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။
လက်ရှိတွင် သောက်သုံးရေရှားပါးမှုများကြောင့် ငွေကြေးတတ်နိုင်သည့် မြို့ခံအချို့မှာ သောက်ရေသန့် ၂၀ လီတာပါ ဘူးကြီးတစ်ဘူးလျှင် ကျပ် ၇၀၀၀ – ၈၀၀၀ အထိပေး၍ ဝယ်ယူသောက်သုံးနေရကြောင်း ငွေကြေးမတတ်နိုင်သူများမှာ အခက်အခဲ ဖြစ်နေရကြောင်း မင်းပြားမြို့မှ အခြေခံ လူတန်းစား အမျိုးသမီးတစ်ဦးက ဆိုသည်။
” ပိုက်ဆံရှိတဲ့အိမ်တွေကတော့ ၂၀ လီတာဘူးကြီးတဘူးကို ၇ထောင်၊ ၈ထောင်ထိပေးပြီး ဝယ်သုံးနေကြတယ်။ကားတွေနဲ့လာရောင်းတာပေါ့။ကျမတို့ကတော့ တနေ့လုပ်မှ တနေ့စားရတဲ့အခြေနေမို့ အဲ့လိုမျိုးလည်း မဝယ်သုံးနိုင်ဘူး။ဒါပေမဲ့ ရေဆိုတာမျိုးက မသောက်ဘဲနေလို့လည်းမရဘူး။ထမင်းမစားဘဲနေနိုင်ရင်တောင် ရေမသောက်ဘဲမနေနိုင်တဲ့အတွက် ရှိတာအကုန်ထုတ်ပြီး ဝယ်သောက်နေရတယ်” ဟု ၄င်းကပြောသည်။
ဧပြီလ ၂၁ ရက်နေ့က မင်းပြားမြို့၏ ရေရှားပါးမှုပြဿနာနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်တာဝန်ရှိသူတို့အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။
ထို့ကြောင့် ရေရရှိရေးနှင့်ပတ်သက်၍ မည်သို့၊မည်ပုံ လုပ်ဆောင်နေသည်ကို အသေးစိတ်မေးမြန်းရန်အတွက် ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
အလားတူပင် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ကျောက်တော်၊စစ်တွေစသည့် မြို့နယ်များတွင်လည်း ယခုနှစ်နွေရာသီ ပူပြင်းမှုဒဏ်ကြောင့် သောက်သုံးရေကန်များ ခမ်းခြောက်ကာ ရေရှားပါးမှုဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။
#မင်းပြား #မင်းကန် #သောက်ရေကန် #ခမ်းခြောက် #ရေရှားပါး #၂၀လီတာ #ရေသန့် #ကျပ်၇၀၀၀
#Ayeyarwaddy_Times