ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက် ထောင်ကုန်းလမ်းနဲ့ သစ္စာလမ်းထောင့်မှာရှိတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ခြံဝန်းထဲမှာ ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီးနောက်ပိုင်း အနီးမှာရှိတဲ့ ပုသိမ်မြို့ရဲ့ နာမည်ကြီး “ထောင်ကုန်းမုန့်ပြားကြီး” ဆိုင်ကို စစ်ကောင်စီကဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုသိမ်မြို့တွင် ထောင်ကုန်းမုန့်ပြားကြီးဆိုင်ဟာ နှစ်ပေါင်း များစွာ ရောင်းလာတဲ့ဆိုင်ဖြစ်ပြီး ပုသိမ်သားမှန်ရင်အကုန်သိတဲ့ဆိုင်ဖြစ်သလို စစ်အာဏာရှင်တွေအုပ်ချုပ်ချိန်မှာ မနိုင်နိုင်ရာကိုလုပ်တဲ့သဘောဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ ဧပြီ ၂၃ မှာ ဆိုင်ကိုဖျက်နေတာတွေ့လို့မေးကြည့်တာ။ ရဲမင်းကြီး အိမ်နားမှာ ဆိုင်ကကွယ်နေလို့ လုံခြုံရေးအရ မမြင်ခြင်ဘူးဆိုပြီး ရဲနဲ့စည်ပင်ကလာပြောလို့ ဖျက်ပေးရတယ် လို့ ရပ်ကွက်ကလူတွေကပြောကြတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောပါတယ်။

ဖယ်ရှားခံလိုက်ရတဲ့ ထောင်ကုန်းမုန့်ပြားကြီးဆိုင်ဟာ ပုသိမ်မြို့ရဲ့ အကောင်းဆုံး အစားအသောက်စာရင်းမှာပါ၀င်ပြီး အစား အသောက်ဘလော့ရိုက်ကူးသူတွေ၊ ခရီးသွားဘလော့ ရိုက်ကူးသူတွေ လာရောက်စားသုံးရိုက်ကူးလေ့ရှိပြီး ၊ ပုသိမ်မြို့ခံတွေနဲ့ ခရီးသွား ဧည့်သည်တွေ လာရောက်စားသုံးကြပြီး ဖွင့်လှစ်ထားတာနှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ညက ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (PSTF)က ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ခြံ၀န်းကို ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ဧပြီလအတွင်းလေးကြိမ်မြောက် တိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။

#ပုသိမ်မြို့ #ဒုတိုင်းရဲမှူးကြီးနေအိမ် #ဗုံးခွဲခံရ #ထောင်ကုန်းမုန့်ပြားကြီးဆိုင် #ဖယ်ရှားခံရ #Ayeyarwaddy_Times