နွေဦးမောင်/ဧရာဝတီတိုင်းမ်
(သာပေါင်း)၊ ဧပြီလ ၂၃ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များမှာ ကုန်တင်ကားတစ်စီးကို ငွေ ကျပ် ၃ သောင်းကနေ ၅ သောင်းအထိတောင်းယူနေတယ်လို့ သိရပါတယ်။
အရင်က သက်ကြီးစစ်သည်တွေနဲ့ စစ်ဆေးတဲ့ ဂိတ်တွေကို ၂၀၂၃ ခုနှစ်ကစတင်ကာ သက်ငယ်စစ်သည်တွေနဲ့အစားထိုးပြီး ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေကို တစ်စီး ၃၀၀၀၀ ကျပ်ကနေ ငွေ ၅၀၀၀ဝ ကျပ်အထိတောင်းယူနေတာလို့ ကုန်တင်ကား မောင်းသူတွေက ပြောပါတယ်။
” ခုက တောင်းရင် အနည်းဆုံး သုံးသောင်းကနေ အများဆုံး ငါးသောင်းထိတောင်းတယ်၊ အရင်က အဲ့ဂိတ်တွေမှာ လူအိုကြီးတွေပဲရှိတယ်၊ ခုက အသက် ၂၀ ကျော်အရွယ်တွေနဲ့အစားထိုးထားတာ”လို့ ကုန်တင်ကားမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ အစားထိုးချထားတဲ့ အသက် ၂၀ ကျော်အရွယ် စစ်ကောင်စီတပ်ဝတ်စုံဝတ်ထားသူတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ ပြောဆိုမှုများရှိနေပေမယ့် ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
သာပေါင်းမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ ယခင်က ပိုက်ဆံတောင်းတာမျိုးရှိခဲ့ပေမယ့် လူငယ် စစ်ကောင်စီတပ်သားတွေပြောင်းပြီး ခုလိုမျိုး ၅ သောင်းထိတောင်းလာတာလို့ ကုန်တင်ကား မောင်းသူတွေက ပြောဆိုပါတယ်။
#သာပေါင်းမြို့နယ် #ကုန်တင်ကား #စစ်ကောင်စီတပ် #ငွေတောင်းခံ #Ayeyarwaddy_Times