ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်

စစ်ကောင်စီမှကျင်းပပြုလုပ်မည့် အကယ်ဒမီဆုပေးပွဲကို အနုပညာရှင်များအနေဖြင့် မပျက်မကွက် တက်ရောက်ရန် စစ်ကောင်စီမှ စာထုတ်ညွှန်ကြားထားကြောင်း သိရသည်။

လာမည့်မေလတွင်ပြုလုပ်မည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသည် အနုပညာလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်တစ်ခုဖြစ်ကြောင်း ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ စစ်ကောင်စီခန့် ပြန်ကြားရေး၀န်ကြီး ဦးမောင်မောင်အုန်းက ဧပြီလ ၂၀ ရက်က ပြောကြားခဲ့သည်။

“အနုပညာရှင်အားလုံးက မပျက်မကွက် စိတ်တူကိုယ်တူ ပူးပေါင်းပါ၀င်တက်ရောက်စေလိုပါတယ်”ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုချီးမြှင့်ပွဲသို့ ယခင်နှစ်များက ဆုရရှိပြီးသူများတက်ရောက်ပါက ရွှေအစစ် ၅ ကျပ်သားဖြင့် ပြုလုပ်ထားသည့် ရွှေရင်ထိုးများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားသည်။

အနုပညာရှင်နှင့် နီးစပ်သူတစ်ဦးမှလည်း “အနုပညာရှင်တွေက တက်ရင်လည်း ပြည်သူမုန်းမှာကြောက်၊ မတက်ရင်လည်း ဖမ်းခံရမှာကြောက်နဲ့ မဖြစ်မနေတက်ရမယ်ဆိုတော့ တက်ကြမယ်ပဲထင်ပါတယ်”ဟု ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ရိုက်ကူးရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားကြရန် ကြေညာချက်ထုတ်ပြန်ထားပြီး ဆုပေးပွဲအခမ်းအနားကို မေလ ၆ ရက်နေ့တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၊ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

#စစ်ကောင်စီ #ရုပ်ရှင်အစည်းအရုံး #အကယ်ဒမီပေးပွဲ #အနုပညာရှင် #ရွှေရင်ထိုး
#Ayeyarwaddy_Times