ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဧပြီလ ၂၂ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ကုန်းရွာအနီး စစ်ကောင်စီတပ်စခန်းချရာနေရာ ၃ ခုအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဧပြီလ ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းပစ်ကူလာခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်ရှိ ညောင်ကုန်းရွာစခန်း၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်း၊ ညောင်ကုန်းကားလမ်းတံတားရှိ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီစခန်းများအား တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီကျော် အတွင်း ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၂၀ ဦးဝန်းကျင်ရှိနိုင်ကြောင်း သိရသည်။
“ရွာမှာရောတံတားရော စခန်းရော ဖြန့်ထားတာ စစ်ကောင်စီက။ ရန်သူ ဒုရင်းမှူးတဦးအပါဝင်အသေပျောက်များတယ်လို့တော့ ရွာသားတွေဆီကကြားတယ်အတည်မပြုရသေးဘူး။ လက်နက်မျိုးစုံ ကို ၁၀ လက်ဝန်းကျင် ရတယ်လို့လဲသိရတယ်။ ကျဆုံး ထွက်ပြေးများပြီး လေယာဥ်ပစ်ကူတောင်းလို့ဖြစ်ပါမယ်။” ဟု အသက် ၃၀ ဝန်းကျင် တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦးသေဆုံးခဲ့ရပြီး KNLAမှ ရဲဘော် ၂ ဦး လက်(မစိုးရိမ်ရ)ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီမှ အထိနာမှုများကြောင့် နံနက် ၇ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် Mi 35 ရဟတ်ယာဉ် ၂ စီးဖြင့် မိနစ် ၃၀ နီးပါးလာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ဘောကထာစခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေပြီး ဧပြီလ ၁၁ ရက်နေ့ကလည်း မဘီကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်းလည်း KNU မှထုတ်ပြန်ထားပါသည်။