ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဧပြီလ ၂၂ ရက်

မကွေးတိုင်း၊ ဂန်ဂေါမြို့မှ ဟားခါးမြို့၊ စစ်ဗျူဟာသို့ အင်အားဖြည့်တင်းရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်းအား၂၀၀ ခန့် ခြေလျင်ဖြင့် ဧပြီလ ဒုတိယပတ်အတွင်းက ချီတက်လာခဲ့ကြောင်း သတင်းရရှိသည်။

နွေရာသီစစ်ဆင်ရေးအတွက် စစ်ကောင်စီက ချင်းပြည်နယ်တွင် တပ်ဖွဲ့ဝင်အင်အားအလုံးအရင်းနှင့် ရိက္ခာများကို ဖြည့်တင်းလာခဲ့ပြီး ချင်းအမျိုးသားတပ်မတော် CNAနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

“သူတို့က ကားတွေကတော့ ထားခဲ့တယ်။ ခြေကျင်တက်လာတယ်ပေါ့နော်။ အခုဟားခါးမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေရှိနေတယ်။ သူတို့တက်လာတာကတော့ ၂ ပတ်လောက်တော့ရှိပြီပေါ့နော်။ ဒါပေမယ့် ဟားခါးမြို့ကိုတော့ မဝင်သေးဘူးပေါ့နော်”ဟု CNA/CNFပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့မှ ဟားခါးမြို့သို့ ယခင်လ မတ်လ ၉ ရက်နေ့က တက်လာသော သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကောင်စီယာဉ်တန်းကို CNAနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဟားခါးမြို့သို့ မဝင်ရောက်ခင် ၅ မိုင်အလိုတွင် အကုန်ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ဖြင့် ချွန်ကျုံးရွာတွင် လက်ရှိတပ်ချထားကြောင်း သိရသည်။

ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် တပ်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ကူပေးခဲ့ပြီး ၎င်းစစ်ကူအဖွဲ့နှင့်လည်း တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုကတော့ ချင်းတောင်တစ်ခုထဲမဟုတ်ဘဲ တစ်ပြည်လုံးကို လုပ်နေတယ်။ အဲ့ဒါက သူတို့ မြေပြင်စစ်ဆင်ရေးမှာ အထိနာတယ်။ မြေပြင်မှာ သူတို့အင်အားချိနည်းလို့ တိုက်ခိုက်မှုက သိပ်ပြီးတော့ သူတို့အနေနဲ့ မထိရောက်ဘူးလို့ တွက်တော့ ဒီလေကြောင်းတိုက်ခိုက်မှုကို တပ်ဖွဲဝင်ထဲမဟုတ်ဘဲနဲ့ ဒီပြည်သူတွေကို အဲ့သလိုမျိုး အကြမ်းဖက်နေတာဖြစ်တယ်။ ပြောချင်တာက သူက အဆိုးဆုံးသော အကြမ်းတမ်းဆုံး စစ်ဆင်ရေးနည်းဗျူဟာကို အသုံးချနေတာဖြစ်တယ်”ဟု ဆိုသည်။

ကလေး-ဟားခါးလမ်းတလျှောက်တိုက်ပွဲတွင် CNAနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၉ ဦးကျဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် တီးတိန်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။

တီးတိန်မြို့နယ်၊ CNAတပ်မဟာ ၄ စခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး CNAတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။
(ဓာတ်ပုံ – ဟားခါး-ဖလမ်းကြားမှာ ဖျက်ဆီးခံခဲ့ရတဲ့ သံချပ်ကာယာဥ် ၂ စီး)
#ဟားခါး #ဂန့်ဂေါ #စစ်ကောင်စီ #ခြေလျင်
#Ayeyarwaddy_Times