ဧရာဝတီတိုင်းမ်
ဧပြီလ ၂၂ ရက်

ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ခြံဝန်းထဲမှာ ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၅ ရပ်ကွက် စစ်သားစုဆောင်းရေးတပ်နားမှာ နေထိုင်တဲ့ ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ် ခြံထဲမှာ ည ၉ နာရီလောက်ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

” ဗုံးကတော့ မိနစ်ပိုင်းအတွင်း ၂ ကြိမ်ပေါက်တာ၊ ညီမတို့နဲ့ နီးတော့ အိမ်တွေပါတုန်သွားတာပေါ့၊ နေရာတို့ ညီမတို့ မသိသေးဘူး”လို့ ဒေသခံ အသက် ၂၀ အရွယ် အမျိုးသမီးက ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကိုတော့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေအားလုံး ဘေးကင်းတဲ့နေရာပြန်ရောက်ပြီလို့ ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

” ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ခြံကိုလုပ်တာပါ။ ၂ ကြိမ်လုံးပေါက်ကွဲပါတယ်၊ ရဲဘော်တွေ ဘေးကင်းရာ ပြန်ရောက်ပါပြီ”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်နားက စစ်သားစုဆောင်းရေးတပ်ရှေ့မှာလည်း ဒီလအစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#ပုသိမ်မြို့ #ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times