ဧရာဝတီတိုင်း
ဧပြီလ ၂၂ ရက်
ဧရာဝတီတိုင်းတွင် ၂၀၂၁ ခုနှစ် တစ်နှစ်အတွင်း ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၇၀၀ ကျော်အနက် ၅၀၀ ကျော်မှာ ထောင်ဒဏ်ပြစ်ဒဏ်များချမှတ်ခံထားရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ငပုတော၊ ကြံခင်း၊ မြောင်းမြ၊ ရေကြည်နှင့် ဘိုကလေးမြို့နယ်များတွင် ရိုဟင်ဂျာ ၇၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက်မှ ၅၀၀ ကျော်မှာ ထောင်ဒဏ် ၂ နှစ်၊ ၅ နှစ်တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း ၁၈ နှစ် မပြည့်သေးသူများကို လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
“နိုင်ငံသား အထောက်အထားမရှိလို့ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ်တွေ ချမှတ်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာသူတွေပါ။ မလေးရှားမှုအလုပ်ရမယ်ဆိုပြီး ခေါ်လာတဲ့ မြနမာနိုင်ငံသား ပွဲစားတွေကိုတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားပါတယ်” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရိုဟင်ဂျာ ၇၀၀ ကျော်အနက် ၅၀၀ ဝန်းကျင်မှာ အမျိုးသမီးများဖြစ်ကြပြီး ၂၀၀ ကျော်မှာ အမျိုးသားများဖြစ်ကြကြောင်း အသက် ၁၈ နှစ်အောက် ကလေးငယ်အချို့နှင့် အသက် ၁၀ နှစ်အောက် ကလေးငယ်အချို့လည်း ပါဝင်နေသည်ဟု ၎င်းက ဆိုသည်။
အာဏာမသိမ်းမှီ အရပ်သားအစိုးရလက်ထက်ကမူ ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ပို့ဆောင်ပေးလေ့ရှိသော်လည်း စစ်ကောင်စီကမူ ရိုဟင်ဂျာများအပေါ် ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်လျှက်ရှိကြောင်း ယခင်အရပ်သားအစိုးရအဖွဲ့နှင့် နီးစပ်သူများကပြောသည်။
“NLD လက်ထက်ကဆို ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြန်ပို့တယ်။ ကိုဗစ်ကာလတောင် အစိုးရစာရိတ်နဲ့ ကွာရန်တင်းထား ကျွေးမွေးစောင့်ရှောက်ပြီးပြန်ပို့လို့ ဝေဖန်ခံရတာတွေတောင်ရှိခဲ့တယ်” ဟု ကိုဗစ်ကာလအတွင်း ဧရာဝတီတိုင်းတွင် စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုနှစ် ဇန်နဝါရီလနှင့် ဧပြီလများတွင်လည်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ငပုတောမြို့နယ်များတွင် ရိုဟင်ဂျာ ၁၀၉ ဦးအထိ ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
#ဧရာဝတီ #ရိုဟင်ဂျာ #၇၀၀ #ဖမ်းဆီးခံရ #စစ်ကောင်စီ #ထောင်ဒဏ်
#Ayeyarwaddy_Times