နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဧပြီလ၂၂ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းချိန်မှ စတင်ပြီး ဧရာဝတီတိုင်းအတွင်း ဆန်ဈေးနှုန်းများ တဖြည်းဖြည်း တက်လာရာ လက်ရှိမှာ ၂ ဆခန့် မြင့်တက်နေကြောင်း ဒေသခံများဆီက သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ထဲက ဆန်ဈေး အပါအဝင် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာနေပြီး အခုနောက်ပိုင်းမှာတော့ ဆန်ဈေး မတည်မငြိမ်ဖြစ်ခါ ဈေးတက်လာခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ ခန့်က ဆန်အကြမ်း တစ်အိတ်ကို ကျပ် ၄၀၀၀၀ ကနေ ဈေးတက်လာရာ ၂၀၂၂ ခုနှစ် အတွင်းမှာ ဆန်ဈေး ကျပ် ၆၀၀၀၀ သောင်းကျော်အထိ ဖြစ်လာကြောင်း၊ အခု ၂၀၂၃ ခုနှစ် အစပိုင်းမှာပဲ တလထက်တလ ဆန်ဈေးများ မတည်မငြိမ်ဖြစ်ပြီး တလတခါ ဆိုသလို ဆန်ဈေး အကျမရှိဘဲ တက်လာနေခြင်း ဖြစ်ကြောင်း ဆန်ကုန်သည် တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။

လက်ရှိ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင် ဒေသခံ အများဆုံး ချက်စားနေကြရတဲ့ ဆန်အကြမ်း ရတနာတိုး ဆိုတဲ့ ဆန်အမျိုးအစားမှာ ကျပ် ၇၈၀၀၀ ကျော်နေပြီး သူ့အောက်က မနော ဆန်ကြမ်းပင် ကျပ် ၇၀၀၀၀ အထိ ဖြစ်လာနေတယ် လို့လည်း ၎င်းက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိပြီး မြိုနယ်အများစုမှာ စပါးစိုက်ပျိုးလုပ်ကိုင် စားသောက်နေကြရတဲ့ လယ်သမား အများစု ဖြစ်ရာ ဆန်ဈေးနှုန်းများ တက်လာပေမယ့်လည်း လယ်ယာသုံး သွင်းအားစု ဈေးများပါ ကြီးမြင့် လာနေခြင်းကြောင့် လယ်သမားအများစု အနေနဲ့ စားဝတ်နေရေး ခက်ခဲစွာ ကြုံတွေ့နေကြရကြောင်းလည်း ဒေသခံများထံမှ သိရပါတယ်။
#ဧရာဝတီ #ဆန်စပါး #အာဏာသိမ်း #မြင့်တက်
#Ayeyarwaddy_Times