ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ ဧပြီလ ၂၂ ရက်
ရန်ကုန်တိုင်းရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) ကရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများ၊ တစ်နိုင်တပိုင်တပ်ဆင်ထားသည့် နေအိမ်များမှ ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများ ဝယ်ယူသွားမည်ဟု ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့နယ်ရှိ ဟိုတယ်များ၊ စက်မှုဇုံရှိ စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ နေအိမ်များ၊ ကိုယ်ပိုင်မြေနေရာများတွင်တပ်ဆင်ထားသည့် အသေးစားဆိုလာစနစ်မှ ပိုလျှံသည့် လျှပ်စစ်ဓာတ်အားကို ၁၀၀ ကီလိုဝပ်မှ ၁ မဂ္ဂါဝပ်အထိကို ၈၅/kWh ကျပ်၊ ၁ မဂ္ဂါဝပ်အထက်မှ ၁၀ မဂ္ဂါဝပ်အထိကို ၈၀/kWh ကျပ် ဖြင့်ရောင်းချနိုင်ကြောင်း သိရသည်။
“အခု ပြည်သူတွေဆီက ဓာတ်အားပြန်၀ယ်နေပြီဆိုတော့ အခြေနေက တော်တော်ဆိုးနေ ပါပြီ။ နောက်ဆို တဖြည်းဖြည်းနဲ့ ဓာတ်အားတကယ်ပြတ်တောက်တော့မယ်ထင်ပါတယ်။ တစ်နေကုန် ၄ နာရီပြည့်အောင်မလာဘူးဆိုတော့ ဓာတ်အားပြန်ဝယ်လည်း ဘာမှတော့ ထူးမယ်မထင်ပါဘူး။ မညီမျှမှုတွေပဲထပ်ဖြစ်ဦးမှာပဲ။ VIPရပ်ကွက်တွေကိုပဲ မီးပေးတာ မျိုး၊ ငွေပိုပေးနိုင်တဲ့ရပ်ကွက်ကိုပဲ ပေးတာမျိုး၊ သာမန်ရပ်ကွက်တွေကတော့ ဒုံရင်းက ဒုံရင်းပဲ မီးဖြတ်နေဦးမှာပဲ” ဟု အသက် ၂၀ ဝန်းကျင်ရှိ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်အတွက် လုက်ဆောင်ရမည့် အသေးစိတ်အချက်အလက်များကို ထပ်မံဖော်ပြသွားမည်ဟုလည်း YESC ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“ဆိုလာစနစ်က သုံး ခုရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွမှာ on-grid အမျိုးအစားကိုသုံး နေကြတယ်။ ဘက်ထရီမလိုဘူး၊ ဆိုလာက ထွက်တဲ့ လျှပ်စစ်ကို အစိုးရဆီ ပြန်ရာင်းလို့ရတယ်။ hybrid solar ကတော့ မြန်မာနိုင်ငံမှာလက်ရှိ အများစုတပ်တဲ့ အမျိုးအစားပါ။ သူ့မှာ ဘက်ထရီလည်းပါတယ်။ အစိုးရမီးလိုင်းနဲ့လည်းချိတ်ထားတယ်။ မီလာတဲ့အချိန်မှာ ဘက်ထရီထဲကလျှပ်စစ်ကိုသုံးမယ်။ မီးပြန်လာရင်အစိုးရ မီးကို သုံးနိုင်မယ်။ အခု YESC ကကြေညာတာကတော့ အဲ့ဒီသိုလှောင်ထားတဲ့ လျှပ်စစ်တွေ ပိုနေရင် အစိုးရမီးလိုင်းထဲပြန်ရောင်းလို့ ရတယ်ဆိုပြီးကြေညာထားတာပါ” ဟု ရန်ကုန်မြို့ရှိ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံဈေးကွက်အတွင်း တပ်ဆင်နေသည့် ဆိုလာစနစ်တွင် အစိုးရကိုပြန်လည် ရောင်းချနိုင်သည်အထိ ပိုလျှံလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အိမ်သုံးဆိုလာ စနစ်ကုန်ကျစရန်မှာ 5kW ယူနစ်ကို သိန်း ၁၄၀ ဝန်းကျင်အထိကုန်ကျနိုင်ပြီးစက်ရုံသုံး 30 kWယူနစ်လျှင် သိန်း ၁၀၀၀ ဝန်းကျင်အထိ ကုန်ကျနိုင်ကြောင်း သိရသည်။
ဆိုလာမှတဆင့် ပိုလျှံသည့် ဓာတ်အားကိုရောင်းမည်ဆိုပါက အပိုပစ္စည်းများ ထပ်မံ တပ်ဆင်ရန် လိုအပ်မည်ဖြစ်ပြီး grid အတွင်းသို့ ရောင်းချမည်ဆိုပါက ယူနစ်မည်မျှ ရောင်းမည်ဆိုသည်ကို တွက်ချက်ရန်အတွက် မီတာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
“ဆိုလာ တွေကနေ grid ကိုပို့လိုက်တယ့်ဓာတ်အားတွေက gridရဲ့ ကြိမ်နှုန်းနဲ့ ဗို့အားတွေ တုဖို့အတွက် power condition equipment တွေလိုမယ်။ နောက်ပြီးတော့ grid fault ဖြစ်လို့မီးပြတ်တယ့်အချိန်တွေမှာ grid နဲ့ အိမ်သုံး၊ စီးပွားရေးသုံး solar တွေကိုဖြတ်တောက်ပေးနိုင်မယ့် safety equipment တွေလိုမယ်။ လိုအပ်ချက်တွေကများတယ်။ မြန်မာနိုင်ငံမှာတော့ ဒါတွေအထိ လုပ်နိုင်မလား ဆိုတာတော့ မသေချာဘူး” ဟု လျှပ်စစ်အင်ဂျင်နီယာက ဆိုသည်။
ရန်ကုန်မြို့တွင် စစ်တပ် အာဏာသိမ်းပြီးကာလမှစ၍ ရပ်ကွက်များတွင် အလှည့်ကျ စနစ်ဖြင့် မီးပေးလျက်ရှိပြီး ယခုအခါတွင် တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီဝန်းကျင် သာရရှိတော့သည်။
#ဆိုလာ #ရန်ကုန် #YESC #ပြည်သူများ #လျှပ်စစ်ဓာတ်အား #ဝယ်ယူမည် #Ayeyarwaddy_Times