ဧရာဝတီတိုင်းမ်
ဧပြီလ ၂၂ ရက်
ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူပေါင်းရာချီ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်း က အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။ အဲ့ဒီနေ့မတိုင်ခင် ရှေ့တစ်ရက်ကလည်း ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေအတွက် အခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီရဲ့ တာဝန်ယူမှုနဲ့ လူသားဘဝတွေအ ပေါ် ပမာမထားတယ်ဆိုတာ ထင်ရှားစေပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးလာနေခြင်းက အနောက် နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချတဲ့ စကားလုံးတွေထက် အများကြီးပိုပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာ့အရေးကို ထိန်းချုပ်ရမယ့် အာဆီယံ အပါအဝင် ကမ္ဘာကြီးက ပြင်းထန်တဲ့ စကားလုံးတွေကလွဲပြီး ကျန်တဲ့အရာတွေ ဆောင်ရွက်ဖို့ စိတ်ဝင်စားမှု မရှိသလောက်ပါ ပဲ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက “စစ်ကိုင်းလေကြောင်း တိုက်ခိုက်မှု အပါအဝင် အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ တိုက်ခိုက်နေမှုက ကမ္ဘာကြီးရဲ့ ဥပေက္ခာပြုမှုနဲ့ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့အတွက်ကြောင့်ပါပဲ။ ဒီရက်စက်မှုတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက ရပ်တန့်ဖို့ ကလေးတွေ နောက်ထပ် ဘယ်လောက် ထပ်သေပေးရဦးမှာလဲ” လို့တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ ပါတယ်။ အန်ဒရူးကတော့ မြန်မာ့အရေးဟာ ကမ္ဘာကြီးရဲ့ မေ့လျော့ခံနေရတဲ့စစ်ပွဲပဲလို့ ပြောခဲ့ပါတယ်။
သိသာထင်ရှားတဲ့ နှစ်ချက်ကတော့ အတိုက်အခံတွေရဲ့ ငွေကြေးနဲ့လက်နက်အကူအညီတွေပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေမှုကို ကမ္ဘာ့နိုင်ငံတွေက ငြင်းပယ်နေကြတဲ့ တစ်ချိန်တည်းမှာပဲ အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ ကျူး ကျော်မှုကို ကာကွယ်ဖို့ ယူကရိန်းကို ခေတ်မီလက်နက်တွေ ထောက်ပံ့ပေးနေတာပါ။
“ပဋိပက္ခနှစ်ခုစလုံးက တစ်ပုံစံတည်း မဟုတ်ပေမယ့် မြန်မာ့အရေးကို လျစ်လျူရှုထားချိန်မှာ နိုင်ငံတကာအသိုင်း အဝိုင်းကို ယူကရိန်းက ဘယ်လောက်တောင် စည်းရုံးထားသလဲဆိုတာ သိသာစေပါတယ်” လို့ တက်စ်မေးနီးယား တက္ကသိုလ်မှ နီကိုးလပ်စ်ဖာရီလေးက ရေးသားခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူထုခေါင်းဆောင်တွေကို ထောင်ချထားတဲ့အတွက် မြန်မာ့အတိုက်အခံတွေရဲ့ တော်လှန်ရေးအတွက် လောက်လောက်လားလား အားထားစရာခေါင်းဆောင်မျိုး မရှိဘူး” လို့လည်း သူက ဆိုပါ တယ်။
အလားတူပဲ ဇန်နဝါရီ ၃၁ ရက်ကထုတ်ဝေခဲ့တဲ့ The Economist ဆောင်းပါးတစ်ပုဒ်မှာလည်း “ဒီခုခံတော်လှန်ရေး မှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်က တစ်ယောက်မှမရှိဘူး” လို့ရေးသားထားပါတယ်။ NUG ကို ယာယီသမ္မတ ဒူဝါလရှီးလက ဉီးခဆောင်နေပေမယ့် နိုင်ငံတကာမှာ သူ့ကို သိတဲ့လူ မရှိသလောက်ပါပဲ။
စစ်တပ် အာဏာသိမ်းပြီး သိပ်မကြာခင်တုန်းကပဲ ဒေါက်တာဆာဆာဟာ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုအ တွက် အဓိကပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး သူ့အောင်မြင်ကျော်ကြားမှု ကျ ဆင်းသွားခဲ့ပါတယ်။ ဒီမိုကရေစီမျက်နှာစာမှာ ထင်ရှားသော တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့တဲ့ မင်းကိုနိုင် ဆိုရင်လည်း အာဏာသိမ်းပြီး သိပ်မကြာခင်ကာလတွေမှာ ထင်ရှားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရှေ့တန်းမျက်နှာ စာကနေ သိသိသာသာ ဆုတ်ခွာသွားခဲ့ပါတယ်။
အလားအလာရှိတဲ့ ခေါင်းဆောင်တွေဟာလည်း စစ်ကောင်စီအင်အားစုတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လူမြင်ကွင်းထဲထွက်တာမျိုး သိပ်ပြီးလုပ်လိုပုံမပေါ်ပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး နိုင်ငံရဲ့ကာလရှည်ကြာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်ခဲ့သလို NLD အစိုးရကို ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လွတ်လပ် လပ် လှုပ်ရှားနိုင်ခဲ့ရင်တော့ ဇီလန်စကီးလို ခေါင်းဆောင်နိုင်မှာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က ဖမ်းဆီးခံရတဲ့နေ့မှာပဲ အာဏာသိမ်းတာကို လက်မခံကြဖို့ မြန်မာပြည်သူတွေကို မှာကြားခဲ့ပြီး စစ်အာဏာသိမ်းမှုက တိုင်းပြည်ကို အာဏာရှင်စနစ်အောက် ပြန်ပြီးတွန်းပို့လိမ့်မယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က စည်းရုံးနိုင်စွမ်းနဲ့ ကျော်ကြားမှုက မြင့်မားတဲ့လူထုလှုပ်ရှားမှုတစ်ရပ်လို အများကြီးအထောက်အကူပြုတာ အမှန်ပဲ လို့ ပြောပါတယ်။
အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီး ပြည်ပဆီထွက်ခွာနိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ခန့်မှန်းနိုင်တာတစ်ခုရှိပါတယ်။ သေချာတာကတော့ ဇီလန်စကီးလိုပဲ သူမကိုလည်း အနောက်တိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ လွှတ်တော်တွေမှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခံရပါလိမ့်မယ်။
သတင်းစာတွေနဲ့ ရုပ်သံအယ်ဒီတာတွေဟာ လူ့အသည်းနှလုံးကို ထိခိုက်စေမယ့် ဇာတ်လမ်းတွေကို နှစ်ခြိုက်လေ့ ရှိပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံတွေက ချက်ချင်းပဲ အသိအမှတ် ပြုကြမှာဖြစ်ပြီး မြန်မာနိုင်ငံသတင်းတွေကို စဉ်ဆက်မပြတ် လွှင့်နေပါလိမ့်မယ်။
၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာက အပြင်းထန်ဆုံးရှုတ်ချခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မူဆလင်တွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် သူမ ပုံရိပ် မှေးမှိန်သွားခဲ့ပါတယ်။ မွတ်ဆလင် ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ၆ သိန်းနီးပါးကတော့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေကြရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်း ထားပါတယ်။
“စစ်တပ်အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ်ပေးပြီး နောက်မှာတော့ သူမအပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုတွေအားလုံး ပြိုလဲသွားတော့တာပဲ” လို့ ဝါရှင်တန်ဒီစီ National War College မှ ပါမောက္ခ ဇာခရီအဘူဇာက ပြောခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားဘက်က ရပ်တည်ဖို့ ပျက်ကွက်ခဲ့တယ်” လို့လည်း သူက ဆိုပါတယ်။
ဒါပေမယ့်လည်း စည်းရုံးနိုင်စွမ်းရှိပြီး လူထုကြားထင်ရှားသူကသာ ဦးဆောင်ခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးမှာ ခုထက်ပိုပြီး တုံ့ပြန်နိုင်လိမ့်မယ် ဆိုတာကလည်း သံသယရှိစရာပါပဲ။ လက်ရှိတော်လှန်ရေးမှာ အရေးအကြီးဆုံးပြဿနာက စည်းစနစ်မရှိတဲ့ အတွက်ကြောင့်ပဲလို့ လေ့လာသူတွေကပြောပါတယ်။ NUG က အဓိ က စကားပြောဆိုပေးတယ် ဆိုပေမယ့် မြေပြင်မှာလှုပ်ရှားနေတဲ့ PDF တွေကြား အဖွဲ့ငယ်တွေ အများကြီး ရှိနေပါ တယ်။ အဲဒီအဖွဲ့အများစုအနေနဲ့က သီးခြား လွတ်လပ်စွာ လှုပ်ရှားကြတာ၊ ဒါမှမဟုတ် EAO တွေနဲ့ မဟာမိတ်ဖွဲ့ ထားကြပါတယ်။
“အတိုက်အခံတွေအားလုံးကို ဗဟိုပြုနိုင်တဲ့ အရည်အသွေးရှိတဲ့ ခေါင်းဆောင်မျိုး ခုထိမရှိသေးဘူး။ ဘာကြောင့် လည်းဆိုတော့ မစည်းလုံးကြလို့ဖြစ်ပါတယ်” လို့ CSIS ရဲ့အရှေ့တောင်အာရှဆိုင်ရာ ပရိုဂရမ်ဒါရိုက်တာ ဂရီဂိုရီပို လင်းက ပြောပါတယ်။ နိုင်ငံခြားအစိုးရတွေက မြန်မာ့ပဋိပက္ခထဲဝင်လာဖို့ တွန့်ဆုတ်နေရတဲ့ အကြောင်းမှာ အ တိုက်အခံတွေကြား စည်းလုံးညီညွတ်တာမျိုး မရှိသေးတာက အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်လို့ တချို့တွေက သုံးသပ်ကြပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံမှာ လူထုထောက်ခံမှုရရှိနေဆဲဖြစ်ပေမယ့် သူမရဲ့နိုင်ငံရေးက ကုန်ဆုံးသွားပြီးလို့ ဆိုရဖွယ်ရှိနေပါတယ်။ သူမရဲ့ NLD အပေါ် ဩဇာလွှမ်းမိုးချုပ်ကိုင်ထားမှုက ဒီမိုကရေစီဖွံ့ဖြိုးဖို့ အဟန့်အတားတစ်ခုပဲလို့ လူငယ်မျိုးဆက်တွေက ရှုမြင်ထားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG အကြီးတန်းခေါင်းဆောင်တွေဟာ သက်ကြီးမျိုးဆက်ဖြစ်ပြီး အကြမ်းမဖက်နည်း လမ်းကသာ နိုင်ငံရေးအောင်မြင်စေမယ့် ရည်မှန်းချက်အဖြစ် ခံယူခဲ့ပါတယ်။ တော်လှန်လူငယ်အများစုကတော့ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပဲရှိတယ်လို့ မှတ်ယူထား ကြပါ တယ်။
Asia Times ပါ ဆောင်းပါးရှင် David Hutt ရဲ့ Myanmar’s resistance needs a Zelensky-like charismatic leader”ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။