ဧရာ၀တီတိုင်းမ်
ဧပြီလ ၂၂ ရက်
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုင်းကျော်သူသည် ယနေ့ ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းက သဃ်န်းကျွန်း မြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ကားဖြင့်လာစဉ် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ် ကြောင်း သိရသည်။
“သူ့မိန်းမက အောင်ရတနာဆေးရုံက ဆရာ၀န်မ။ ဆေးရုံလိုက်ပို့ပြီးပြန်တော့ လမ်းမှာ ပစ်သတ်ခံရတာပါ။ သေနတ် ငါး ချက်မှန်ပြီး နေရာမှာတင် သေပါတယ်။ အချက်ပေါင်းမနည်းဘူးပေါ့ ပစ်သွားတာက။ ဘယ်လိုပစ်ခံရသလဲဆိုတာတော့ စိစစ်နေဆဲပါ”ဟု ရန်ကုန်တိုင်းရှိတပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် သဃ်န်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်း ၁၆ လမ်းဆုံအနီးတွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ယင်းနေရာအနီးတွင် နေထိုင်သူမှ ယခုလိုအတည်ပြုပြောသည်။
“ဟုတ်တယ်ဗျ။ သေနတ်သံတွေ ဆက်တိုက်ကြားရတာ။ ပစ်ကုန်ပြီပေါ့နော်။ အပြန်အလှန်ပစ်ကြတယ်ထင်တာ။ အချက်ပေါင်းမနည်းတော့လေ။ နောက် မကြာဘူး စစ်သားတွေရောက်လာပြီး လမ်းတွေပိတ်၊ အနီးနားရှိတဲ့လူတွေကို စစ်မေးတယ်။ ဘယ်သူသေ တယ်တော့မသိဘူး”ဟု ရန်ကုန်မြို၊ ဝေဇယန္တာလမ်းအနီးတွင် နေထိုင်သူ ကိုသက်နောင်မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် ဒုညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူမှာ ပစ်ခတ်ခံ ရမှုကြောင့် လည်ပင်း၊ ယာနားနောက်၊ ချိုင်းအောက်နှင့် လက်များတွင် ကျည်ထိမှန်ဒဏ်ရာများရရှိပြီး သေဆုံးသွားကြောင်းသိရှိရသည်။
ထိုပစ်ခတ်မှုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် For The Yangon မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သူ့ကားထဲကို သေနတ်အတိုနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ”ဟု For The Yangon က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
#သင်္ဃန်းကျွန်း #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #ဒုတိယညွှန်ကြားရေးမှူးချုပ် #သေနတ် #ပစ်သတ်ခံရ #Ayeyarwaddy_Times