နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဧပြီလ၂၂ ရက်
ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာကို စစ်ကောင်စီ တပ်က ဒီနေ့ မနက် စောစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး မြေပြင်မှာလည်း စစ်ကောင်စီ နဲ့ BGF ပူးပေါင်းအဖွဲ့တွေက စီးနင်းဝင်ရောက်မှု ပြုလုပ်ကြောင်း ဒေသခံများ ထံမှ သိရပါတယ်။
ဒီနေ့ မနက်စောစော ၁ နာရီခန့်မှာ စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ နဲ့ BGF ပူးပေါင်းအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကြား ဧပြီလ ပထမ အပတ်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေရာ မဲကနယ်၊ ကျောက်တောင်၊ ကျောက်မဲကြီး ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး နေရပြီး ဒီနေ့အချိန်ထိ မိမိနေထိုင်ရာ ကျေးရွာများကို မပြန်နိုင်သေးကြောင်း အသက် ၄၀ အရွယ်ရှိ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးကလည်း ဧရာဝတီတိုင်းကို ပြောပါတယ်။
၎င်းက ဆက်လက်ပြီး“ဧပြီလ ၁၉ ရက်နေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်တယ်။ မြေပြင်ကလည်း စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့တွေ ရွာကိုဝင်စီး အိမ်တွေကို မီးရှို့တာတွေလုပ်ပြီး ရွာမှာ တပ်စွဲထားတယ်။ ရွာမှာရှိတဲ့ ပစ္စည်းတွေ အကုန်ရှာဖွေယူသွားတယ်။ ၃ ရက်ကြာ ရွာထဲမှာ စခန်းချထားပြီး စစ်ကြောင်း ပြန်ထွက်သွားပေမယ့် ကျေးရွာ အနီးတဝိုက်မှာ စစ်ကြောင်းတွေ လှုပ်ရှားနေကာ မနေ့ညကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတွေ လာကြဲနေတယ်”လို့လည်း ပြောပြပါတယ်။
မြေပြင်မှာ စီးနင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ နဲ့ BGF ပူးပေါင်းအဖွဲ့တွေက ပြည်သူပိုင် ပစ္စည်းတွေကိုပါ ခိုးယူသွားကြတယ် လို့လည်း ဆိုပါတယ်။