ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီလ ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ် ၊ ထားဝယ်-ထီးခီးလမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲမိသားစုဝင် နှစ် ဦးနှင့် နယ်မြေစုံစမ်းထောက်လှမ်းရန် လာရောက်သည့် ပျူစောထီးဆိုသူ နှစ် ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်က ပကာရီရဲကင်းစခန်းမှ ကျောက်မဲတောင် ရဲကင်းစခန်း ကြားလမ်းပိုင်းတွင် တောင်သုံးလုံး ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ကိုထွန်းမောင် နှင့် ဟိန္ဒားပျူစောထီးအဖွဲ့ဝင် ဆိုသူ ကိုချစ်ကို တို့သည် ထားဝယ်-ထီးခီး လမ်းပိုင်းအား စုံစမ်းရန် နယ်ထိန်းရဲသက်ဇော်ထွန်း၏ မိခင်နှင့်သမီးကို အသုံးချကာ ဟွန်ဒါဖစ် အပြာရောင်ယာဉ်ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ လာပြီး စုံစမ်း ထောက်လှမ်းမယ်ဆိုတာ ကျွန်တော်တို့ ရဲဘော်တွေ ကြိုတင် သတင်းရထားတယ်။ အဲဒီအချိန်မှာ ကြိုတင်သတင်းအရ ယာဉ်ကို ရပ်တန့်စစ်ဆေး တာကို စစ်ဆေးမခံဘဲ ရဲဘော်တွေကို ကားနဲ့တိုက်ပြီး မောင်းပြေးဖို့ ကြိုးစားတယ်။ ဒါကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ် “ဟု ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယာဉ်ပေါ်ပါ အသက် ၃၅ နှစ်အရွယ် ပျူစောထီး ကိုချစ်ကို၊ နယ်ထိန်း ရဲသက်ဇော်ထွန်း၏ သမီးအသက် ၁၅ နှစ်အရွယ် မသဲစုရွှေစင်တို့ ထိမှန်သေဆုံးခဲ့ပြီး နယ်ထိန်းရဲ သက်ဇော်ထွန်း၏ မိခင် အသက် ၆၀ အရွယ် ဒေါ်ခင်ပြုံးမြင့်မှာ အပြင်းအထန် ထိမှန် ဒဏ်ရာဖြင့် အရေးပေါ်ဆေးကုသနေစဉ် သွေးထွက်လွန် သေဆုံးခဲ့ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ပျူစောထီးအဖွဲ့ဝင် ယာဉ်မောင်း ကိုထွန်းမောင်မှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး လိုက်လံဖမ်းဆီးရာ ဧပြီလ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် ပြန်လည် ဖမ်းမိ၍ ခုခံထွက်ပြေးရန် ကြိုး စားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း စစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

အဆိုပါ နယ်မြေအတွင်း စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားနိုင်ရန်အတွက် နယ်မြေ စုံစမ်းထောက်လှမ်းရာတွင် ၎င်းတို့၏ လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို အသုံးချလုပ်ဆောင်မှုများ ရှိကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က ဆိုထားသည်။ ထို့ပြင် ထားဝယ်မြို့ရှိ စစ်ကောင်စီတပ်သားများကိုလည်း ပကာရီရဲစခန်းသို့ အင်အားဖြည့် တင်းမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။
#တနင်္သာရီ #ထားဝယ်ထီးခီးလမ်း #ရဲတပ်ဖွဲ့ဝင်မိသားစု #ပျူစောထီး #ပစ်ခတ်ခံရ #Ayeyarwaddy_Times