နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာကို ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ရွာလုံးကျွတ်နီးပါး မီးတင်ရှို့နေသည့် အင်အား ၁၀၀ ခန့်ပါ အာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးလာပြီးနောက် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာကို ဝင်ရောက်၍ ရွာလုံးကျွတ်နီးပါး အကြောင်းမဲ့ အိမ်မီးရှို့နေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD)ထံက သိရသည်။

“လက်နက်အင်အားချင်းကလည်း ကွာတယ်ဆိုတော့ ခေါင်းတောင်မပေါ်နိုင်ဘူး။ သူတို့ (စကစ)က စက်လတ်တွေနဲ့ ရမ်းလို့ပေါ့နော်” ဟု PAFD တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းကို လက်လုပ်လက်နက်ငယ်များ၊ ၆၀-မမ လက်လုပ်များဖြင့် PAFD တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦး သေဆုံး၍ သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PAFD တပ်ဖွဲ့က တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ရွာလုံးကျွတ်နီးပါး အိမ်မီးတင်ရှို့ခဲ့သည် စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိတွင် စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာ တောင်ဘက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်၍ စစ်ကြောင်းထိုးလျက်ရှိသည်ဟု PAFD တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD)၊ တပ်ခွဲ DK PDF-MMU၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ Phonex(SGG) စသည့်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်းမြို့ #အင်းစကျေးရွာ #မီးတင်ရှို့ #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #Ayeyarwaddy_Times