ဧရာ၀တီတိုင်းမ်
ဧပြီလ ၂၂ ရက်

စစ်ကောင်စီလက်အောက်ရှိ မန္တလေးမြို့အခြေစိုက် တံတားဦးလေတပ် တိုက်ခိုက်ခံရမည်စိုးရိမ်သဖြင့် လေတပ် တာဝန်ရှိသူများက ဦးဆောင်ကာ တပ်တွင်းရှိ ဘုရားစေတီများ၌ ကန်တော့ပွဲများပေး၍ ယတြာချေမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယတြာချေမှုများကို ဧပြီလ ၂၀ ရက်နေ့ကစတင်ကာ တံတားဦးလေတပ်အတွင်း၌ ပြုလုပ်နေခြင်းဖြစ်ပြီး ဗေဒင်ပညာအရ ယတြာချေခြင်းအားဖြင့် ကံဆိုးမှုများ ပပျောက်မည်ဟု လေတပ်ဦးဆောင်သူများက ယုံကြည် နေကြကြောင်း တံတားဦးလေတပ်နှင့်နီးစပ်သူများက ပြောသည်။

“တံတားဦးလေတပ်ထဲက ဘုရားတွေမှာ ကန်တော့ပွဲတွေပေးပြီး ယတြာတွေ ချေနေတာ တွေ့ခဲ့တယ်။ သူတို့လေတပ်တွေ တိုက်ခိုက်ခံရမှာ စိုးလို့ထင်တယ်။ သူတို့အလှည့်ကျ ကြောက်တတ်လိုက်တာ တုန်နေတာပဲ”ဟု တံတားဦးလေတပ်နှင့်နီးစပ်သည့် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က နေပြည်တော် လေတပ်စခန်းဌာနချုပ်အား တော်လှန်ရေးအင်အားစုများက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တံတားဦးလေတပ်တွင် အန္တရာယ် ကင်းစေရန် ယတြာချေမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ် လက်အောက်တွင် မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္ထီလာ၊ တောင်ငူ၊ မြိတ်၊ မြစ်ကြီးနား၊ မကွေး၊ ပုသိမ်၊ ဟုမ္မလင်းနှင့် နမ့်စမ်စသည့် လေတပ်စခန်းဌာနချုပ် ၁၀ ခုရှိသည်။

စစ်ကောင်စီတပ်မှာ မြေပြင် တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှု များပြားခဲ့သဖြင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအပေါ် လေကြောင်းကို အားပြု၍ ပစ်ကူပေးခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

တံတားဦးလေတပ်သည် အာဏာသိမ်းစစ်ကောင်စီ၏အဓိက အားထားရသည့် လေတပ်များထဲမှတစ်ခုဖြစ်ပြီး ရုရှားထုတ် YAK-130 တိုက်ခိုက်ရေးလေယာဉ်များ အဓိကထားရှိသည့်လေတပ်တစ်ခုဖြစ်ကြောင်း စစ်ကောင်စီ၏ တပ်မတော် (လေ) ထုတ်ပြန်ချက်များအရ သိရသည်။

ပုံစာ – လေတပ် ပုံဟောင်းတစ်ခုကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ဓာတ်ပုံ – တပ်မတော်(လေ)
#လေတပ် #မန္တလေး #တံတားဦး #Ayeyarwaddy_Times