ဧရာ၀တီတိုင်းမ်
ဧပြီလ ၂၂ ရက်

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သဖြင့် ဒေသခံ ၅ ဦးသေဆုံးကာ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေဆင်နှာမောင်းမှာ လယ်ဝေးမြို့နယ်ရှိ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွားများ၌ တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသဘာ၀ဘေးကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ ၅ ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လေဆင်နှာမောင်းက ညနေပိုင်းက တိုက်သွားတာ။ အရှိန်တော်တော်ပြင်းတယ်။ လတ်တလောတော့ ဒေသခံ ၅ ဦး သေတယ်။ ဒဏ်ရာရတာ ၁၀၀ ကျော်လောက် ရှိမယ်။ အိမ်ခြေအဆောက်အဦးလည်း ပျက်စီးတာ မနည်းဘူး”ဟု လယ်ဝေးမြို့ခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးဌာနနှင့်နီးစပ်သူတစ်ဦးကလည်း လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံးကြောင်း အတည်ပြုပြောဆိုသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အောင်မြင်ကုန်းနှင့် တံတားဦးကျေးရွာများသို့ ဒေသခံ လူမှုကူညီရေးအဖွဲ့များက ယမန်နေ့ ညပိုင်းတွင် ရောက်ရှိလာကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ရှိ မြို့နယ်ကျန်းမာရေးဌာနကလည်း ယာယီ ဆေးခန်းဖွင့်လှစ်ကာ ဒဏ်ရာရသူဒေသခံများကို ဆေးကုသပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

“ယာယီဆေးပေးခန်းဖွင့်ပြီး ဆေးဝါးကုသမှုတွေလုပ်ပေးနေတယ်။ စိုးရိမ်ရတဲ့လူတွေကိုတော့ ပရဟိတအဖွဲ့တွေက ဆေးရုံတွေပို့ပေးနေတယ်။ လေဆင်နှာမောင်း ဝင်မွှေသွားတော့ အိမ်တွေက တစ်စစီဖြစ်ကုန်တာ။ ပြန်လည်ထူထောင်ရေးကို ဝိုင်းလုပ်မှရမယ်”ဟု လယ်ဝေးမြို့နယ်ရှိ လူမှုကူညီရေး အသင်းတစ်ခုနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက လယ်ဝေးမြို့နယ်မှ လေဆင်နှာမောင်းတိုက်ခိုက်မှု မိုးလေဝသထူးခြားဖြစ်စဉ်ကို ဖော်ပြခြင်း မရှိသည်ကို တွေ့ရသည်။
#Ayeyarwaddy_Times #လယ်ဝေး #လေဆင်နှာမောင်း