ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီးရှိပင်လယ်ပြင်မှာ ဧပြီလ(၁၉)ရက်က စက်လှေတစ်စီးပေါ်ကနေ ရိုဟင်ဂျာ ၇၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိတဲ့ရိုဟင်ဂျာ ၇၀ ဦးထဲမှာ၊ အမျိုးသား ၅၈ဦး၊အမျိုးသမီး ၁၂ဦး တို့ဖြစ်ပြီး ၁၈ နှစ်မပြည့်သေးသူတစ်ချို့ပါ၀င်ပြီး ရိုဟင်ဂျာများကို လှေနဲ့ တင်ဆောင်လာတဲ့ မြန်မာလူမျိုး (၇) ဦးတိုကို စစ်ကောင်စီရေတပ်က ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“စက်လှေနဲ့လာကြတာရေတပ်သင်္ဘောကမိလာတာ။အကုန်လုံးကို ငပုတောမြို့ပေါ်ခေါ်လာတယ်။ ရေသန့်စက်ရုံဂိုထောင်ထဲမှာရဲအစောင့်နဲ့ထားပြီး လ၀ကက လူတွေကစကားပြန်တွေနဲ့စစ်နေတာတွေ့တယ်”လို့ ငပုတောမြို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

လက်ရှိဖမ်းမိထားသူတွေဟ ပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုအလုပ်လုပ်ဖို့ စက်လှေနဲ့ထွက်လာစဥ်မှာ ခုလိုဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဧရာ၀တီတိုင်းမှာ၂၀၂၃ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ များဖမ်းဆီးခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ဇန်နဝါရီလ ၁ရက်နေ့ကရိုဟင်ဂျာ ၃၉ ဦးကိုဟင်္သာတမြို့နယ်လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြှီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ၇၀၀ကျော်ဖမ်းဆီးခံရပြီး လူ၀င်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရကာ ၎င်းတို့အနက်မှ ၅၀၀ကျော်မှာ ထောင်ဒဏ် တွေချမှတ်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
#ငရုတ်ကောင်း #ပင်လယ်ပြင် #ရိုဟင်ဂျာ
#Ayeyarwaddy_Times