ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တိမ်ဖုံးနေသည့် ဘယ်ဖက်မျက်လုံးမှာ အခြေနေဆိုးဝါးလာ၍ ဆေးကုသခွင့်ပေးရန် မိသားစုဝင်များက စစ်ကောင်စီထံ အသနားခံစာတင်ကာ တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ ကုသခွင့်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးညီပုမှာ ဖမ်းဆီးမခံရခင်ကတည်းကပင် မျက်လုံးနေမကောင်းဖြစ်နေခြင်းဖြစ်ပြီး ထောင်ထဲရောက်သွားပြီးနောက်ပိုင်း မျက်လုံး အိမ်တခုလုံးတိမ်ဖုံးကာ အခြေအနေပိုဆိုးသွားခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

” အပြင်မာနေတုန်းကအဲ့လောက်မဆိုးဘူး။ထောင်ထဲရောက်သွားတော့ မျက်လုံးကမမြင်ရတော့တဲ့အထိ ကွယ်သွားတာ။ မနှစ်က တည်းက ဖြစ်နေတာပါ။ကျွန်မတို့လည်း အဖေ့သတင်းကိုတဆင့်ကြားကြားချင်း ဆေးကုသပေးချင်လို့ တောင်းဆိုခဲ့ကြတယ်။ဒါပေမဲ့ ဘာမှအကြောင်းမပြန်ခဲ့ဘူး” ဟု ၄င်းကပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်၏ ဂွ-ခရီးစဉ်အတွင်း မိသားစုဝင်များက ထပ်မံသွားရောက်ကာ အသနားခံစာထပ်တင်ခဲ့ကြောင်းလည်း သိရသည်။

” အဖေ့မျက်လုံးက အခုမခွဲလိုက်ရင် နောက်ခွဲလို့မရတော့တဲ့အထိဖြစ်သွားနိုင်တယ်။မျက်လုံးဆိုတာက တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေထက်ပိုအရေးကြီးတယ်။ဒါကြောင့် ကျမတို့စိတ်ပူတယ်။တကယ်လို့ မိသားစုလက်ထဲကိုအပ်ပြီး ကုသခွင့်မပေးရင်တောင် သူတို့အစီအစဉ်နဲ့သူတို့ အထဲမှာ ခွဲစိတ်ပေးစေချင်ပါတယ်” ဟု သမီးဖြစ်သူ မကြည်ကြည်ဦးက တောင်းဆိုသည်။

ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ မဲသမာမှုပုဒ်မ ၁၃၀ (က)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၉ နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

၄င်းကို စစ်တပ်ကအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့သော်လည်း အာဏာသိမ်းယူပြီး ၁၀ ရက်မြောက်နေ့တွင် စစ်တွေထောင်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။