ဗီအာတီ/ဧရာဝတီတိုင်းမ်
ဖလမ်း၊ ဇူလိုင်လ ၁၂ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနှင့် ဒွမ့်တက်စ်ကျေးရွာကြားတွင် ဇူလိုင်လ(၁၁)ရက်နေ့က ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ CDF-Matupiမှ ရဲဘော်ဆလိုင်းအားလောမ်ကျဆုံးသွားကြောင်း သိရသည်။

ကလေးမြို့ဘက်မှ ဖလမ်း – ဟားခါမြို့ဘက်သို့ အင်အား(၂၀၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို CNA၊ CNDF၊ CDF-Hakha၊ CDF-Thantlangနှင့် CDF-Matupiတို့
ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင် းဖြစ်ကြောင်း CDF – Matupi ထံမှ သိရသည်။

“ဖလမ်းမြို့ကနေ ဟားခါးမြို့ဘက်ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ကို CANနှင့် ICDCတပ်ဖွဲ့တွေက လမ်းတစ်လျှောက်ခုခံတိုက်ခိုက်နေပါတယ်၊ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် တာလ်းကျေးရွာက ပြည်သူအိမ်(၂၉)လုံး၊ တလန်ဇာရ်ကျေးရွာက ပြည်သူအိမ်(၆)လုံးတို့ကို မီးရှို့ဖျက်ဆီး ခဲ့ပါတယ်၊ ဒါ့အပြင် ဖလမ်း-ဟားခါးကြားမှာရှိတဲ့ ပြည်သူနေအိမ်တွေကိုလည်း ဖောက်ထွင်းခံနေရပြီး ပစ္စည်းတွေ ခိုးယူခံနေရပါတယ်၊ ဒီနေ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ CDF-Matupiပူးပေါင်းတပ်ဖွဲ့ ဘက်က ရဲဘော်တစ်ဦးတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြောင်း ကျတော်တို့ ဝမ်းနည်းစွာ ကြားသိရပါ”လို့ ဖလမ်းမြို့၊ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများပြားပေမယ့် စားရင်းအတိအကျမသိရသေးသလို စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်းသိရသည်။
မိုးရာသီကာလတွင် ချင်းပြည်နယ်ဘက်သို့ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းတိုးချဲ့လာပြီး ထိုးစစ်ဆင်လာသောကြောင့် ချင်းပြည်နယ်နေရာအနှံ့တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။