ဓာတ်ပုံ - သပြေကုန်းအဝိုင်းတွင်ရဲများလုံခြုံရေးယူနေစဥ် (ပုံဟောင်း)

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဗိုလ်ချုပ်ရုပ်ထုအဝိုင်းတွင် ဇူလိုင်လ ၁၁ ရက် ယမန်နေ့ ညနေပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကသိရသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ရုံးကြို၊ပို့ဖယ်ရီကားသည် သပြေကုန်းအဝိုင်းကိုပတ်နေစဥ် ကားဘရိတ်ပေါက်၍ဆိုင်ကယ်စီးနင်းနေသည့် ရဲ ၂ ဦးကိုဝင်တိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ကားတိုက်ခံရသည့်ရဲ ၂ ဦးမှာ နေပြည်တော် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲဦးစီးဌာနမှဖြစ်ပြီး ရဲဒုတပ်ကြပ် တင့်ထူးနိုင်သည် ပွဲချင်းပြီးသေ ဆုံးကာ၊ ကျန်ရဲ ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့်စိုးရိမ်ရပြီး ကုတင် ၁၀၀၀ ဆေးရုံသို့တင်ပို့ကုသနေရကြောင်းသိရသည်။

” မနေ့ကရုံးဆင်းချိန်ညနေ ၄ ခွဲကျော်လောက်မှာဖြစ်တာ။ကားက မီနီဘတ်စ်လေး လျှပ်စစ်ဌာနကဖယ်ရီကား၊ အဝိုင်းပတ်တဲ့အချိန် ဘရိတ်ပေါက်ပြီး ဆိုင်ကယ်နဲ့ရဲ ၂ ယောက် ကိုဝင်တိုက်တာပြီးတက်ကြိတ်ပစ်တာ။  တစ်ယောက်က အဲ့နားတင် ဦးနှောက်တွေပါ ထွက်တယ်။ နောက်တယောက်လည်း အခြေနေမကောင်းဘူး။ နှစ်ယောက်လုံးက ရဲချုပ်ရုံးက” ဟု နေပြည်တော် ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဘရိတ်ပေါက်သည့် ဝန်ထမ်းကြိုပို့ဖယ်ရီကားသည် ယမန်နေ့ည ၈ နာရီဝန်းကျင်အထိ အဆိုပါသပြေကုန်းအဝိုင်းအနီးတွင် ရပ်တန့်ထားသည်ကိုတွေ့မြင်သေးကြောင်း သပြေကုန်းဒေသခံတဦးဆိုသည်။

သပြေကုန်းအဝိုင်းသည် စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်ရဲတပ်ဖွဲ့၏ ကျည်အစစ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပထမဆုံးကျဆုံးခဲ့ရသည့် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ဆံထိမှန်ခဲ့သည်နေရာလည်းဖြစ်သည်။