ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဧပြီလ ၂၁ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ CNA တပ်မဟာ ၄ စခန်းတစ်ခုကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့မှ ဒုဗိုလ် ဆလိုင်းကိုရိန်နဲ့ ဆေးတပ်ကြပ်ကြီးမိုင်မေကံဟွေ့တို့ ကျဆုံးခဲ့ပြီး ၄ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း CNA/CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

“ပြီခဲ့တဲ့အပတ်ကပဲ ကလေးမြို့ကနေ ကား ၄ စီးနဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့် တီးတိန်မြို့ကို တက်လာတယ်ပေါ့။ ဒါပေမယ့် အခုဗုံးကြဲတဲ့ နေရာအထိတော့ သူတို့မရောက်သေးဘူးပေါ့။ ဆိုတော့ လေကြောင်းနဲ့ တိုက်တာက အဲ့ဒီအတွက် သူတို့ ကြိုတင်ပြီးတော့ နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီးတော့ အဲ့သလို လာတိုက်တာလဲ ဖြစ်နိုင်တယ်ပေါ့နော်”လို့ CNA/CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်အတွင်း နွေရာသီစစ်ဆင်ရေးအတွက် စစ်ကောင်စီတပ်အင်အားနှင့် ရိက္ခာများဖြည့်တင်လာမှုများကို စစ်ကောင်စီက ပြုလုပ်လာခဲ့ပြီး ချင်း ပြည်နယ်၊ မြို့နယ်တချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တီးတိန်မြို့သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်နှင့် ကား ၄ စီးသည် တီးတိန်မြို့နယ်ထဲသို့ ဝင်ရောက်နေပြီဖြစ်ကြောင်းသိရပြီး ဒေသကာကွယ်ရေးတပ်နှင့် တိုက်ပွဲအနည်းငယ်ဖြစ်ပွားကာ ၎င်းဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။
photo – ကျဆုံးသွားသော CNA ဒုဗိုလ်နှင့် ဆေးတပ်ကြပ်ကြီး
#တီးတိန်မြို့နယ် #CNAစခန်း #လေကြောင်းတိုက်ခိုက်ခံရ #CNA #ရဲဘော်နှစ်ဦးကျဆုံး