ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်
ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် – AA တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည်မှာ ၅လအထိကြာမြင့်လာပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က ပေးထားသည့် ကတိကဝတ်အတိုင်း ဖမ်းဆီးထားသည့် ရခိုင်ဒေသခံ ၂၀၀ ကျော်အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
ရခိုင်တွင် တိုက်ပွဲကာလအတွင်းက ရက္ခိုင့်တပ်တော် – AA နှင့် ဆက်စပ်ပတ်သတ်သည်ဆိုသည့် သံသယဖြင့် စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသည့် အရပ်သားပြည်သူ ၅၉၃ ဦးရှိခဲ့ပြီး ၎င်းတို့အနက်မှ ၃၉၁ ဦးမှာပြန်လွတ်လာခဲ့သော်လည်း ကျန်ဒေသခံ ၂၀၃ ဦးမှာ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော် – AA ၏ စာရင်းအရသိရသည်။
အဆိုပါဖမ်းဆီးခံထားရသူများအား ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲချိန်တွင် ပြန်လွှတ်ပေးရန် စစ်ကောင်စီဘက်က ကတိကဝတ်များပေးခဲ့သော်လည်း အကောင်အထည်ဖော်မှုအားနည်းနေဆဲ ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် – AA ဘက်မှ ထုတ်ဖော်ပြောဆိုထားသည်။
မတရားဖမ်းဆီးခံထားရသည့် ကျောက်တော်ဒေသခံတစ်ဦး၏ မိသားစုဝင်တစ်ဦးက ” ပြီးခဲ့တဲ့လတွေက AA သတင်းစာရှင်းလင်းပွဲမာ ပြန်လွတ်လာအောင်လုပ်ပေးထားတယ်ပြောလို့ လွတ်လာမဲ့နေ့ကို မျှော်နေတာ။ရုံးချိန်းတွေကလည်း ရွှေ့လိုက်ချိန်းလိုက်နဲ့။အခုဆို အပစ်အခတ်ရပ်ထားတာ ၅လတောင်ရှိနေပြီ။ဘယ်သူမှပြန်မလွတ်သေးဘူး။မိသားစုတွေက စိတ်ပင်ပန်းလို့သေတော့မယ်”ဟု ဧရာဝတတီတိုင်းမ်ကို ပြောသည်။
ဧပြီလ ၁၇ ရက်နေ့ ၊နှစ်သစ်ကူး သင်္ကြန်ကာလတွင် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အချုပ်ထောင်အသီးသီးမှ
အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၃၀၁၅ ဦးကို စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ
လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
အဆိုပါ လွတ်ငြိမ်းခွင့်ရသူ ၃ ထောင်ကျော်တွင်ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေအကျဉ်းထောင်မှ ၁၇ ဦး၊ဘူးသီးတောင်အကျဉ်းထောင်မှ ၁၂၄ ဦး၊ကျောက်ဖြူအကျဉ်းထောင်မှ ၁၉ဦး၊သံတွဲအကျဉ်းထောင်မှ ၁၃ ဦး စုစုပေါင်း ၁၇၃ဦးပါဝင်လာခဲ့သော်လည်း AA နှင့် ဆက်စပ်သည့် သံသယဖြင့်ဖမ်းဆီးခံထားရသူများ တစ်ဦးမှ ပါဝင်လာခြင်းမရှိပေ။
” အမှုက အမိန့်ချတော့မေပြောပြီး ရုံးချိန်းထပ်ရွှေ့နေတာ ၂ခါရှိပြီ။ကျနော်တို့ထင်တာက အထင်ကရနေ့တွေမှာ ပြန်လွှတ်ပေးမလို့အမိန့်မချတာလားမသိဘူးလို့တွေးထားတာ။ဒါပေမဲ့ နှစ်သစ်ကူးနေ့ကလွတ်တဲ့ထဲလည်း မပါပြန်ဘူး။မိသားစုတွေရဲ့ မျှော်လင့်ချက်တွေရိုက်ချိုးခံနေရသလိုပဲ” ဟု ပုဒ်မ – ၅၀၅(က)ဖြင့် အမှုရင်ဆိုင်နေရသည့်ကျောက်တော်မြို့နယ်၊ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ဇွန်လ ၂၀ရက်နေ့က ကျောက်တော်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားပြီးနောက် ကိုဇော်မိုးထက်အပါအဝင် ကျောက်တော်ဒေသခံ ၃ဦးကို စစ်ကောင်စီကပြန်လည်ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်၍ မတရားဖမ်းဆီးတရားစွဲဆိုခံထားရသည့် အရပ်သားများမှာ လက်ရှိတွင် စစ်ကောင်စီ တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်မှုများကြောင့် အပြီးသတ်အမိန့်မချနိုင်သေးပဲ အမှုကြန့်ကြာနေကြရကြောင်းလည်း သိရသည်။
စစ်ကောင်စီအနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များအား အကောင်အထည်မဖော်၊ အလေးထားမှုမရှိပါက တိုက်ပွဲလမ်းကြောင်းပေါ်သို့ပြန်လည်ဦးတည်သွားနိုင်သည်ဟု ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် AA ဘက်ကပြောဆိုထားသည်။
#ရခိုင် #ဒေသခံ #ရက္ခိုင့်တပ်တော် #AA #စစ်ကောင်စီ #ဒေသခံ
#Ayeyarwaddy_Times