ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှ ဒီမော့ဆိုမြို့နယ်သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြီးခဲ့သည့် ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် KA နှင့် KNDF တပ်ရင်း (၂၁) ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်း ဒေါညေးခူရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ကားကို ကြားဖြတ်တိုက်ခိုက်ရာတွင် ကားတိမ်းမှောက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ် ခြောက် လက် သိမ်းဆည်း ရမိခဲ့ကြောင်း KnIC ထံက သိရသည်။
“ဘောလခဲဘက်ကနေဆင်းလာတာ။ ခလရ ၈၀ ကကားတစ်စီးနဲ့ ရိက္ခာလာပို့တာလား၊ လူနာလာကြိုတာလားတော့ မပြောတက်ဘူး။ မိုင်းထိပြီးကားမှောက်သွားတာ။ အဲ့ဒီကနေတိုက်ပွဲဆက်ဖြစ်သွားတယ်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်း ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း သေနတ် ခြောက် လက်၊ ကျည်ဘောက် နှင့် ကျည်တောင့်အချို့ သိမ်းဆည်းရမိခဲ့ပြီး အရှင်ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားမှာ ခလရ (၈၀) တပ်ရင်းမှ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ ဒီးမော့ဆိုအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ပြီး KA တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း KnIC က ထုတ်ပြန်ထားသည်။
#KA #KNDF #ဒီးမော့ဆို #ကရင်နီ #တိုက်ပွဲ #Ayeyarwaddy_Times