ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဧပြီလ ၂၁ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်-မိုးဗြဲ ကားလမ်းမတစ်နေရာတွင် ယနေ့ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က ဖယ်ခုံ၊ မိုးဗြဲဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီ ယာဉ်တန်းကို KNDF B-03 နှင့်ဗိုလ်တစ်ထောင်တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KnICမှ ထုတ်ပြန်ထားသည်။
မိုးဗြဲဘက်မှ လွိုင်ကော်ဘက်သို့ဆင်းလာသည့် ယာဉ် ၂၀ စီးဝန်းကျင်ရှိ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကားတစ်စီးပျက်စီးကာ ထိခိုက်သေဆုံးမှုအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ခုလောလောဆယ်သိရသလောက် ယာဉ်တန်းကဆက်ကျော်လာပြီး လောပိတ ဘက်ကိုဦးတည်လာတယ်။ ဟိုတစ်နေ့က လောပိတရဲ့ဝောာင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ခုယာဉ်တန်းက အဲ့ဒီကိုပဲဦးတည်လာတာဆိုတော့ စစ်ရေးလုပ်မှာလား၊ နယ်မြေ ရှင်းလင်းရေးလုပ်မှာလား မသိသေးဘူး။ လွိုင်ကော်အရှေ့ဘက် လောပိတ လမ်းပေါ် မထောခို၊ မိုက်ကန်းမှာတော့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ချထားတယ်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့အဝင်ရှိ တပ်ရင်းများဖြစ်သည့် ခလရ (၂၆၁) တပ်ရင်း၊ ခလရ (၂၅၀) တပ်ရင်း၊ အမြောက်တပ် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိခဲ့ပြီး ဒေသခံ နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ဒီးမော့ဆိုအရှေ့ခြမ်း ဒေါညေးခူကျေးရွာ ဘက်သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့အားကြားဖြတ်တိုက်ခိုက်ရာ တပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးအရှင်ဖမ်းဆီးရမိခဲ့သည်။
ဓာတ်ပုံ – စစ်ကောင်စီယာဉ်တန်း(ပုံအဟောင်းကိုအသုံးပြုထားခြင်းဖြစ်သည်)။
#KNDF #ကရင်နီ #တိုက်ပွဲ #Ayeyarwaddy_Times