နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဆီးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉)၊ တပ်ရင်း-၆ နယ်မြေကို ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းက ဂျက်ဖိုက်တာ သုံး စီးဖြင့် အာဏာသိမ်း စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာ သုံး စီးဖြင့် ဗုံး ကိုး လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရှစ် လုံးပေါက်ကွဲခဲ့သော်လည်း လူထိခိုက် သေဆုံးမှုမရှိဘဲ လူနေအဆောက်အအုံများသာ ပျက်စီးခဲ့ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA တပ်ရင်း ၆ နယ်မြေကို နှစ်သစ်ကူး လက်ဆောင်အဖြစ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး သင်တန်းတက်နေသည့် KIA ရဲဘော် ၃၀ ဦး သေဆုံးခဲ့သည်ဟု စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက် စာမျက်နှာများနှင့် တယ်လီဂရမ်တို့တွင် ဝါဒဖြန့်ခဲ့ကြဖြစ်သည်။
ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်၊ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာမှ အပြည်မဲ့ပြည်သူ ၇၀ ဦးခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းခုလပ်တွင် KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ဦးထိခိုက် သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကမူ ဈေးသွားဈေးလာ အရပ်သား ပြည်သူများကို KIA က တိုက်ခိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
“မဟုတ်ပါဘူး။ သူတို့က(စကစ) စစ်ကားထဲမှာ အရပ်သားတွေကို မိုးကာအုပ်ပြီး စစ်သား တွေနဲ့ ရောနှောခေါ်သွားတာ။ လူသားဒိုင်းလုပ်ပြီး သူတို့စစ်ရေးလှုပ်ရှားတာကို ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်တဲ့ အနေ အထားမျိုး ဖြစ်ပါတယ်” ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများကို လူသားဒိုင်းပြုလုပ်ရန် ၎င်းတို့နှင့် ရောနှော၍ မိုးကာများပိတ်ကာ ၁၂ ဘီးကား လေးစီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ပြန်လည်လွတ်ပေးသူများ တဖြည်းဖြည်းရှိလာနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြောကြားသည်။
#KIAတပ်ရင်း၆ #စစ်ကောင်စီတပ် #ဗုံးကြဲတိုက်ခိုက် #ဝါဒဖြန့် #Ayeyarwaddy_Times