ဧရာဝတီတိုင်းမ်
ဧပြီလ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးလာချိန် ဓားထိုးလုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရေကြည်ဦးဘုရားအနီးမှာ ဓားထိုးလုယက်ခံခဲ့ရတာ ဖြစ်ပြီး ဒါဟာ ဧပြီလအတွင်း ပထမဆုံး ဓားထိုး လုယက်မှုလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” လွန်ခဲ့တဲ့ ၃ လလောက်က အဖြစ်များတယ်၊ ဓားထိုး လုယက်တာတင်မဟုတ်ဘူး လူသတ်ပြီးပါ လုတယ်။ ကိုရွှေရဲတို့ကတော့ တရားခံမိတာမျိုး မကြားမိပါဘူး။ ခုလည်း ဒီနေ့ ညနေ ရေကြည်ဦးဘက်မှာ ပြန်ဖြစ်တယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆိုင်ကယ်လုယက်ခံရတဲ့ အမျိုးသမီးကို ဓားဒဏ်ရာ ရရှိခဲ့တာကြောင့် ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)ရဲ့ လူနာတင်ကားနဲ့ ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဓားထိုးပြီး ဆိုင်ကယ်လုယက်ခံရတဲ့ အမျိုးသမီးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးတာကြောင့် ရဲတွေရော ဒေသခံတွေပါ ရပ်ကွက်ထဲ လိုက်လံစုံစမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သင်္ကြန်ကာလအတွင်းမှာ ပုသိမ်မြို့၊ ဥမ္မာဒန္တိအိမ်ယာက လင်မယားနှစ်ကို ဓားနဲ့ထိုးပြီး ဆွဲကြိုးနဲ့ ဖုန်း လုယက်မှုဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။