နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ကရင်ပြည်နယ်)/ဧပြီလ၂၀ရက်

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် မဲကနယ် နှင့် ကျောက်မိုင်းတွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ BGF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အား စုများဖြစ်ကြသည့် KNU KNLA. PDF ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ကျောက်မိုင်း ဒေသသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ရက်နေ့နှင့် ဧပြီလ ၁၉ရက်နေ့ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိကာ လက်နက်ခဲယမ်း ၊ မိုင်းနှင့် လက်ပစ်ဗုံးများကို တော်လှန်ရေးအင်အားစု အဖွဲ့များမှ သိမ်းဆည်းရခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

“ဧပြီလ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်ကတည်းက မဲကနယ်ဒေသ နဲ့ ကျောက်မိုင်း ဒေသတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ပြီး အင်းအားအလုံးအရင်းနဲ့ နှစ်ရက် ဆက်တိုက်စစ်ကြောင်းထိုးနေတာ။ ဒီနေ့ နေလယ်မှာတော့ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆက်မပြတ်အသုံးပြု၍ ရမ်းသန်းပစ်ခတ်ခြင်း၊ အင်အားသုံးစစ်ကြောင်းထိုးခြင်း ၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ အဆက်မပြတ် ပြုလုပ်နေသော်လည်း စစ်ကောင်စီတပ် အမြစ်ပြတ်သည့် အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုထားသည်။
#ကရင်ပြည်နယ် #မဲကနယ် #ကျောက်မိုင်း #စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့များ #တိုက်ပွဲဆက်လက်ဖြစ်ပွား #Ayeyarwaddy_Times