ဧရာ၀တီတိုင်းမ်
ဧပြီ ၂၀ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ငပကျေးရွာအနီးရှိ အမိုးနီသုဿာန် မီးသင်္ဂြိုဟ်စက်တွင် စစ်ကောင်စီတပ်မှ ပိုင်ရှင်မဲ့အလောင်းများကို လာရောက်မီးသင်္ဂြိုဟ်မှုများ ပြုလုပ် နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် သန်လျင် အမိုးနီသုဿာန်သို့ စစ်ကားများဖြင့် သယ်ဆောင် လာသည့် အလောင်းများကို လာရောက်သင်္ဂြိုဟ်လေ့ရှိပြီး အများစုမှာ လူငယ်အမျိုး သားများဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအချို့ ထံက သိရသည်။
“အဲဒီနေ့က ရပ်ကွက်ထဲမှာ နာရေးရှိလို့ အသုဘလိုက်ပို့တာ။ စစ်ကားအသေးနှစ်စီး၊ အကြီးတစ်စီး သုဿာန်ထဲ၀င်လာတာ။ အဲဒီထဲကစစ်သား (စစ်ကောင်စီတပ်သား) တစ်ယောက်က ကားနောက် တံခါးကိုဆွဲဖွင့်ချိန်မှာ သူတို့ထဲကတစ်ယောက်က လှမ်းတား တာမမီတော့ဘူး။ ကားပေါ်မှာ အလောင်းတွေထပ်ထားတာ မြင်လိုက်ရတယ်။ လေးယောက်ထပ်ထား တာကတစ်စီး၊ နောက်တစ်စီးထဲမှာက သုံးယောက်လောက် ရှိတယ်” ဟု မျက်မြင် တွေ့ရှိခဲ့သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ပြည်ထောင်စုနေ့) တွင် စစ်ကောင်စီတပ်က အမိုးနီသုဿာန်၌ လာရောက်သင်္ဂြိုဟ်မှုများပြုလုပ်ခဲ့ပြီး အလောင်းများမှာ လူငယ်အမျိုး သားများဖြစ်ပြီး အားလုံးပိုင်ရှင်မဲ့များ ဖြစ်ကြောင်း ဧရာ၀တီတိုင်းမ်က စုံစမ်းသိရှိရသည်။
အဆိုပါအလောင်းများသည် စစ်ကောင်စီမှ မတရားဖမ်း ဆီးထားသည့် သူများဖြစ်ပြီး ၎င်းတို့ကိုသန်လျင်မြို့နယ်အတွင်းရှိ စစ်ကြောရေးများတွင် စစ်ဆေးမှုများ ပြုလုပ်စဉ် သေဆုံးသွားခဲ့သူများဖြစ်ကြောင်း သန်လျင်မြို့ ရေတပ်စခန်းရှိ တပ်တွင်း သတင်းရင်း မြစ်ထံက သိရသည်။
“ဒီထဲမှာက စစ်ကြောရေး လေးခု၊ ငါးခု လောက်ထားထားတယ်။ လက်လွန်သွားတဲ့ အလောင်းတွေပေါ့။ တချို့ကြတော့ မိသားစု၀င်တွေကို အသိပေးအကြောင်းကြား တာရှိတယ်။ တချို့ကြတော့ မသိကြဘူး” ဟု ဆိုသည်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်း ကိုခံခဲ့ရသည့် လူငယ် ငါး ဦးအနက် ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ယခုလို ဖြေကြားသည်။
“ကျွန်တော်တို့ကို သန်လျင်မြို့ထဲက သာသနာ့ဗိမာန်က စစ်ကြောရေးမှာ ဖမ်းထားတာ။ အဲဒီမှာစစ်ကြောရေးလုပ်တာပါ။ စဖမ်းခေါ်သွားကတည်းက အ၀တ်မည်းကြီး စွပ်ထား တာ။ ကျန်တဲ့အချိန်တွေလည်း ဖြုတ်မပေးပါဘူး။ မသေအောင်ကျွေးပြီး အချိန်ပြည့် ရိုက်တာပါ။ ကျွန်တော်ဆို သွားတွေသိပ် မရှိတော့ဘူး။ ခြောက်လ လောက်အဲဒီမှာ နေခဲ့ရတယ်။ ဒါတောင် မှားယွင်းပြီး အဖမ်း ခံရတာပါ”ဟု ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် အဆိုပါ လူငယ် ငါးဦးသည် စစ်ကောင်စီတပ် သတင်း ပေးဆိုသူမှ ဖမ်းဆီးရန်စေခိုင်းခဲ့ခြင်းဖြစ်ပြီး သုံးဦးသာ လွတ်မြောက်၍ နှစ်ဦးမှာ သေဆုံးခဲ့ပြီး အလောင်းများကိုပင် ပြန်လည်မရရှိခဲ့ကြောင်း လွတ်မြောက်လာသူများက ဆိုသည်။
စစ်ကောင်စီတပ်သည် သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်၊ သမ၀ါယမ ကောလိပ်အနီးရှိ သာသနာ့ဗိမာန်ဘုန်းကြီးကျောင်းနှင့် သီဟဒီပအားကစားရုံတို့တွင် တပ်စွဲထားပြီး စစ်ကြောရေးများပြုလုပ်နေခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်မြို့နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်များတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လူငယ်အချို့မှာ ဖမ်းဆီးခံရပြီးနောက် အဆက် အသွယ်ပြတ် တောက်နေသူများရှိကြောင်း ၎င်းတို့မိသားစု၀င်များထံက သိရသည်။
“သားကို PDF နဲ့အဆက်အသွယ်ရှိတယ်။ စစ်စရာရှိ လို့ပါဆိုပြီးတော့ လာခေါ်သွားတာ။ ပထမက သန်လျင်ရဲစခန်းမှာလို့ပြောတယ်။ နောက်စစ်ကြောရေးရောက်တယ်ဆိုလို့ ထပ်လိုက်ကြတာ။ ခုထိ သားကဘယ်ရောက်လို့ ရောက်နေမှန်း မသိရဘူး။ သူတို့လည်း မပြောဘူး။ ခုဆို သားအဖမ်းခံရတာ ငါး လကျော်ပြီ။ အဆက်အသွယ်လုံး၀ မရဘူး”ဟု ခရမ်းမြို့နယ်မှ စစ်ကောင်စီတပ်၏ မတရား၀င်ရောက်ဖမ်းဆီးခံခဲ့ရသည့် မိသားစု၀င် တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
လက်ရှိတွင် သန်လျင်မြို့နယ်ရှိ အမိုးနီသုဿာန်သို့သွားရာ လမ်းတွင် စစ်ကောင်စီတပ်မှ ဂိတ်ချ၍ လုံခြုံရေးယူကာ ကင်းစောင့် လျက်ရှိသည်။ အဆိုပါ နေရာသည် လူနေထိုင်ခြင်း မရှိသည့် နေရာဖြစ်ပြီး ရပ်ကွက်ကျေးရွာများဖြင့် အလှမ်းဝေးကာ လယ်ကွင်းများသာ ရှိသည့်နေရာဖြစ်ကြောင်း သန်လျင်မြို့ခံများထံက သိရသည်။
#သန်လျင်မြို့ #စစ်ကြောရေး #ဖမ်းဆီးနှိပ်စက် #လူငယ်များ #ပိုင်ရှင်မဲ့အလောင်း #အမိုးနီသုဿာန် #မီးသင်္ဂြိုဟ် #Ayeyarwaddy_Times