ဧရာဝတီတိုင်းမ်
ဧပြီလ ၂၀ ရက်
ဧရာ၀တီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီ တပ်ရင်း၂ ခုကို ဗုံးပစ်လောင်ချာနဲ့တိုက်ခိုက်ခံရပြီးနောက်ပိုင်း တိုင်းအတွင်းမှာ စစ်ဆေးရေး ပိုမိုတင်းကြပ်လာတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ အသက် ၂၀ အရွယ် အမျိုးသားတွေကို အာရုံစိုက်ရှာဖွေတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကဆို ဂိတ်တွေမှာ စစ်သားအိုကြီးတွေ ထားတာ ခုဆို လူငယ်တွေထားလာတယ်။ ကားတွေဘာတွေဆိုလည်း အတွင်းထဲထိ မွှေနှောက်ရှာတယ်။ PDF တွေ တိုင်းထဲရောက်နေတယ်ဆိုပြီး သူတို့လန့်နေပြီ”လို့ ခရီးသွားမော်တော်ယာဥ်မောင်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ယခင်က ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းသစ်တောတွေအတွင်းမှာ စစ်ကောင်စီက လစဥ်တိုင်း တောနင်းရှာဖွေတာတွေအမြဲပြုလုပ်ခဲ့ပေမယ့် ခုနောက်ပိုင်း အင်အား ၂၀ ခန့်ကို တပ်စွဲထားပြီး စခန်းချထားတာမျိုးတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
“အရင်က တစ်လတစ်ခါ တောထဲမွှေနှောက်ရှာပြီးရင်သစ်တို့ မီးသွေးသမားတွေဆီက ပိုက်ဆံတောင်းပြီး ပြန်ရော။ ခုက ဘုန်းကြီးကျောင်းတို့၊ အုပ်ကြီးစီမံ ပေးတဲ့အိမ်မှာ ၁၅ ယောက်၂၀ လောက် ကျန်ခဲ့ပြီး တပ်စွဲနေတာတွေ့ရတယ်”လို့ ငွေဆောင်ကမ်းခြေကျေးရွာတစ်ခုက ဒေသခံတွေကပြောပါတယ်။
ပုသိမ်ခရိုင်အတွင်းက မြို့နယ်တွေမှာလည်း ညစဥ် ဧည့်စာရင်းတာတွေပြုလုပ်နေပြီး ယခင်က စစ်ကောင်စီတပ်နဲ့ ရဲအင်အားအနည်းငယ်သာ အသုံးပြုခဲ့ပေမယ့် ယခု အင်အားပိုများပြီး ပြည့်သူစစ်ဆိုသူတွေပါ၀င်လာပြီး စစ်ဆေးမှုတွေပို စိတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ ဧပြီလ ၁၇ ရက်နေ့တစ်ရက်ထဲမှာပဲ မြန်အောင်မြို့ စစ်ကောင်စီရဲ့အမှတ်(၅၁)ခြေလျှင်တပ်ရင်းနဲ့ မော်လမြိုင်ကျွန်းမြို့ကအမှတ် (၅၃၄) ခြေမြန်တပ်ရင်းတို့ ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်ခံပြီးနောက်ပိုင်း စစ်ကောင်စီက လုံခြုံရေး တင်းကြပ်လာတာဖြစ်ပါတယ်။
#ဧရာဝတီတိုင်း #စစ်ကောင်စီတပ် #လုံခြုံရေးတင်းကြပ် #Ayeyarwaddy_Times