ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဧပြီလ ၂၀ ရက်

ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ယမန်နေ့ မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့) မှ သဖန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးနိုင် ဆိုသူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးအေးနိုင်မှာ စစ်ကောင်စီ လက်အောက်ခံ စစ်ဗိုလ်တစ်ဦး၏ ဖခင်ဖြစ်ပြီး ၎င်းအား သဖန်းကုန်းရွာနှင့် ကြို့ပင်ဝိုင်းရွာကြားရှိ လမ်းတစ်နေရာတွင် သေနတ်ဖြင့် ၂ ချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် နေရာတွင်ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ပဲခူးတိုင်း PDF အဖွဲ့က ပြောသည်။

“သူက စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်။ သူက သူ့သားအားကိုးနဲ့ ပြည်သူတွေ အပေါ်ကို အနိုင်ကျင့်တယ် ဆိုပြီးလည်း တိုင်ကြားထားတာမျိုးတွေ ရှိတယ်။ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ ရှိသလို ထွက်ပြေးနေရတဲ့ သူတွေလည်း ရှိတယ်”ဟု ပဲခူးတိုင်း PDF ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အုပ်ချုပ်ရေးမှူး ဦးအေးနိုင်မှာ ကျေးရွာအတွင်း အရက်ဆိုင်ဖွင့်၍ စစ်ကောင်စီ တပ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ခံ ကျွေးမွေးနေသူဖြစ်ပြီး သမချေးငွေ၊ စိုက်ပျိုးရေး ချေးငွေများနှင့် လောင်းကစားဝိုင်း ဆက်ကြေးများ စစ်ကောင်စီထံ ပေးသွင်းနေကာ ရွာထဲရှိ လူငယ်များကိုလည်း စစ်တပ်ထဲဝင်ရန် လိုက်လံ စည်းရုံးနေသူ ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ပေါင်းတည် PDF (နွေဦးအဖွဲ့) သည် ဧပြီလ ၉ ရက်နေ့ကလည်း သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပရန် ပြုလုပ်နေသည့် အစိုးရဌာနများအား သတိပေးရန် ရည်ရွယ်ပြီး ပေါင်းတည်မြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် အသံမိုင်း ဖောက်ခွဲခဲ့ကြောင်းလည်း ပဲခူးတိုင်း PDF ထံမှ သိရသည်။

#ပေါက်ခေါင်း #စစ်ဗိုလ်အဖေ #ကျေးရွာအုပ်ချုပ်ရေးမှူး
#သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံး