ဧရာဝတီတိုင်းမ်
(ကန့်ဘလူ)၊ ဧပြီလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအနီးသို့ ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ၍ အနီးအနားရှိကျေးရွာများမှ ဒေသခံများ ထပ်မံစစ်ဘေးရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် သပိတ်ကျင်းမြို့နယ်မှ တစ်ဆင့် မလယ်ကျေးရွာသို့ အင်အား ၂၅၀ ဝန်းကျင်ဖြင့် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ညနေပိုင်းတွင် ဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ပဇီကြီးရွာအနီးသို့ စစ်ကြောင်း ထိုးရောက်ရှိကာ ယခုအခါရွာတောင်ဘက် တစ်မိုင်ခန့်တွင် စခန်းချနေကြောင်း ဒေသခံများထံက သိရသည်။

“ရွာနဲ့မလှမ်းမကမ်းတစ်မိုင်ဝန်းကျင်လောက်မှာ တောတန်းလေးရှိတယ်။ အဲ့ဒီမှာ စခန်းချနေကြတာ။ နေ့လယ်ပိုင်းကတော့ရွာထဲဝင်မလိုလိုလုပ်ပြီး မဝင်ဘူးလို့သိရတယ်။ ရွာနားခပ်လှမ်းလှမ်းထိတော့ ရောက်လာတယ်။ အခုချိန်ထိတော့ငြိမ်နေသေးတယ်” ဟု အသက် ၃၀ ဝန်းကျင်ရှိ ကန့်ဘလူဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဇီကြီးရွာအနီးအနားရှိကျေးရွာများသည် ပဇီးကြီးရွာပစ်ခတ်မှုဖြစ်ပြီးချိန်မှစ၍ နီးစပ်ရာ များတွင် စစ်ဘေးရှောင်နေရပြီး ယခုအခါတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ထိတ်လန့်၍ ထပ်မံစစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း အဆိုပါဒေသခံထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ရုံးဖွင့်ပွဲပြုလုပ်‌နေသည့် ပဇီကြီးရွာသို့ လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင်ဒေသခံပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားသည်။
#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ပဇီကြီးရွာ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times